ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများ အဆုံးသတ်ပြီး ကျူးလွန်သူများကို အပြစ်ပေးအရေးယူမှုမရှိသရွေ့ ရိုဟင်ဂျာများ မြန်မာနိုင်ငံသို့ လုံခြုံစွာပြန်လာရန် မဖြစ်နိုင်ဟု မြန်မာယန္တရား၏ အကြီးအကဲ ပြောကြား
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၁၊ ဂျီနီဗာ။ ။ "ရိုဟင်ဂျာတွေအပေါ်ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေအဆုံးသတ်ပြီး ပြစ်မှုကျူးလွန်သူတွေကို တရားဥပဒေအရအရေးယူနိုင်ခြင်းမရှိသရွေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတစ်သန်းကျော်ဟာ မြန်မာနိုင်ငံကို လုံခြုံစွာပြန်လာပြီး ရေရှည်ငြိမ်းချမ်းစွာနေနိုင်မှာမဟုတ်ဘူး" ဟု မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (ယန္တရား)၏ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ဩဂုတ်လ ၂၄ နှင့် ၂၅ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇား၌ ကျင်းပမည့် “ရိုဟင်ဂျာအခြေအနေဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများဒိုင်ယာလော့ အစည်းအဝေး” သို့ မတက်ရောက်မီ ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်အစိုးရ၏အစီအစဥ်ဖြင့် ကျင်းပသော မိတ်ဖက်အဖွဲ့အစည်းများဒိုင်ယာလော့ အစည်းအဝေးတွင် ရိုဟင်ဂျာများ ၎င်းတို့၏ စိတ်ဆန္ဒအလျောက် လုံခြုံစွာ နေရပ်ပြန်နိုင်ရေးအတွက် မဟာဗျူဟာများကို ဆွေးနွေးသွားမည်ဖြစ်သည်။ စက်တင်ဘာလကုန်တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပမည့် "မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စလင်နှင့် အခြားလူနည်းစုများ၏ အခြေအနေဆိုင်ရာ အဆင့်မြင့်ညီလာခံ” တွင် ယင်းဆွေးနွေးချက်များကို တင်ပြမည်ဖြစ်သည်။
ယင်းဒိုင်ယာလော့အစည်းအဝေးသည် ရခိုင်ပြည်နယ်တွင် မြန်မာလုံခြုံရေးတပ်ဖွဲ့များကရိုဟင်ဂျာများကို ကျူးလွန်ခဲ့သော အစုလိုက်သတ်ဖြတ်မှုများ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနှင့် ကျေးရွာများကို အကြီးအကျယ်ဖျက်ဆီးခဲ့သည့် ရက်စက်ကြမ်းကြုတ်သော ရှင်းလင်းစစ်ဆင်ရေးများ၏ (၈) နှစ်ပြည့် အထိမ်းအမှတ်နေ့နှင့်လည်း တိုက်ဆိုင်နေသည်။ ရိုဟင်ဂျာခုနစ်သိန်းခွဲနီးပါးသည် နယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယနေ့အထိ ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံနေကြဆဲဖြစ်သည်။
“ဒီရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေအတွက် ဘယ်သူမှ အပြစ်ပေးအရေးယူခံရခြင်း မရှိသေးပါဘူး။ ရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူခြင်းမရှိတဲ့အခါ ပိုပြင်းထန်တဲ့အကြမ်းဖက်မှုတွေ ဖြစ်ပွားစေဖို့ လှုံ့ဆော်ပေးပါတယ်" ဟု နီကိုလတ်စ်ခွန်ဂျန်က ပြောကြားခဲ့သည်။
"ရိုဟင်ဂျာဒုက္ခသည်တွေက မြန်မာနိုင်ငံက သူတို့အိမ်တွေဆီ ပြန်လာချင်ပေမယ့် လုံခြုံမှသာ ပြန်ချင်တယ်လို့ပြောတာကို ကျွန်တော်တို့ အဆက်မပြတ် ကြားနေရပါတယ်။ ဒုက္ခသည်တွေ လုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာနဲ့ သူတို့ဆန္ဒအလျောက် ရေရှည်ငြိမ်းချမ်းစွာ နေရပ်ပြန်နိုင်ဖို့အတွက် ရခိုင်ပြည်နယ်မှာနေထိုင်ကြတဲ့ လူမျိုးစုံလင်တဲ့ အရပ်သားတွေကို အကြမ်းဖက်ရက်စက်နေတာတွေ အဆုံးသတ်ရေးဖို့ အလွန်အရေးကြီးပါတယ်။”
ပြီးခဲ့သည့် ၁၈ လအတွင်း ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများပိုမိုမြင့်တက်လာခြင်းကြောင့် နောက်ထပ် ရိုဟင်ဂျာ ၁၅၀,၀၀၀ ခန့်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ယန္တရားသည် ရိုဟင်ဂျာ၊ ရခိုင်နှင့် အခြား အရပ်သားများ၏ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှု၊ သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် မုဒိမ်းမှုများနှင့်သက်ဆိုင်သည့် သတင်းပေးပို့ချက်များအတွက် စုံစမ်းစစ်ဆေးမှုအသစ်များ စတင်ခဲ့သည်။
တပြိုင်တည်းမှာပင်၊ ယန္တရားသည် ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာများ၏ မြေယာနှင့် အိုးအိမ်များအား ဖျက်ဆီးခြင်း၊သိမ်းယူ ခြင်းနှင့် သက်ဆိုင်သည့် စုံစမ်းစစ်ဆေးမှုများကို ရှေ့ဆက်လုပ်ဆောင်လျက်ရှိပြီး၊ အထူးသဖြင့် အာဏာပိုင်များက လုံခြုံရေးစခန်းများဆောက်လုပ်ရန် သိမ်းယူခဲ့သည့် မြေယာများအကြောင်း အဓိကထား စုံစမ်းလျက်ရှိသည်။
"ရိုဟင်ဂျာတွေရဲ့ မြေယာနဲ့အိုးအိမ်ဆုံးရှုံးမှုက သူတို့အသိုက်အဝန်းရဲ့ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခြေခံအုတ်မြစ်တွေကို ပျက်စီးစေခဲ့ပါတယ်။ ဒါဟာ သူတို့ ကာလကြာရှည်ခံစားရတဲ့ ဆုံးရှုံးမှုကြီး ဖြစ်ပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုကတဆင့် ရှင်းလင်းစစ်ဆင်ရေးတွေရဲ့ အတိုင်းအတာနဲ့ အကျိုးသက်ရောက်မှုတွေကို ဖော်ထုတ်နိုင်ရုံသာမက၊ အနာဂတ်တရားစီရင်ရေး လုပ်ငန်းစဉ်မှာ ပြန်လည်ကုစားမှုဆိုင်ရာကိစ္စတွေအတွက်လည်း အလွန်အသုံးဝင်လာနိုင်ပါတယ်" ဟု နီကိုလတ်စ်ခွန်ဂျန်ကဆိုသည်။
နိုင်ငံတကာရာဇဝတ်ခုံရုံး (အိုင်စီစီ) ၊ နိုင်ငံတကာတရားရုံး (အိုင်စီဂျေ)၊ အာဂျင်တီးနားတရားရုံးတို့တွင် ရိုဟင်ဂျာများနှင့်ဆက်စပ်သော စစ်ဆေးဆဲအမှုများအတွက် သက်ဆိုင်ရာအာဏာပိုင်များထံသို့ အချက်အလက်များ၊ ဆက်စပ်အထောက်အထားများနှင့် စိစစ်သုံးသပ်ချက်များကို မျှဝေပေးလျက်ရှိပြီး၊ ယူကေနိုင်ငံမှ တောင်းဆိုလာသည့် အချက်အလက်များကိုလည်း တုံ့ပြန်ပံ့ပိုးလျက်ရှိသည်။
အိုင်စီစီ၏ တရားလိုရှေ့နေသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် မြန်မာစစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုရာတွင် ယန္တရားက မျှဝေသော အထောက်အထားနှင့် စိစစ်သုံးသပ်ချက်များကို အဓိကအားထားအသုံးပြုခဲ့သည်။ ယန္တရား၏ အထောက်အထားများကို Bueno Aires ရှိ အာဂျင်တီးနား ဖက်ဒရယ်ရာဇဝတ်ခုံရုံး၏ စုံစမ်းစစ်ဆေးရေးဆိုင်ရာ တရားသူကြီးကလည်း အသုံးပြုခဲ့ပြီး၊ ယခုနှစ် ဖေဖော်ဝါရီလတွင် မင်းအောင်လှိုင်အပါအဝင် ပုဂ္ဂိုလ် ၂၄ ဦးအား တရားရုံးသို့ လာရောက်ရန် ဆင့်ခေါ်မိန့်ဝရမ်းများ ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။ နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများတွင် လူပုဂ္ဂိုလ်များကို တရားစွဲဆိုရာတွင် အသုံးပြုနိုင်မည့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုနှင့်သက်ဆိုင်သောဖိုင်တွဲများကို ပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီရန် ရည်ရွယ်ပါသည်။
ပိုမို သိရှိရန် iimm.un.org ကို ကြည့်နိုင်သလို iimm@un.org ကို ဆက်သွယ်နိုင်ပါသည်။