ရိုဟင်ဂျာ ရှင်းလင်းစစ်ဆင်ရေးများ ဖြစ်ပွားခဲ့သည်မှာ ခုနစ်နှစ်ရှိပြီဖြစ်သည် – ကျူးလွန်သူများ ပြစ်ဒဏ်ကင်းလွတ်နေသည့်သံသရာ ကျိုးပျက်ရမည်
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားအကြီးအကဲ Nicholas Koumjian ၏ ပြောကြားချက်
ဂျီနီဗာ၊ ၂၀၂၄ ခုနှစ် သြဂုတ်လ ၂၂ ရက် – မြန်မာလုံခြုံရေးတပ်ဖွဲ့များ၏ ရက်စက်သည့် အကြမ်းဖက်မှုလှိုင်းများကြောင့် သိန်းနှင့်ချီသော ရိုဟင်ဂျာမိန်းမများ၊ ယောက်ျားများနှင့် ကလေးများသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ၎င်းတို့၏ နေရပ်မှ စွန့်ခွာထွက်ပြေးခဲ့ရသည်မှာ ယခုသီတင်းပတ်တွင် ခုနစ်နှစ်ပြည့်ပြီဖြစ်သည်။ ရိုဟင်ဂျာများအနေဖြင့် ၎င်းတို့ ချစ်ခင်ရသူများနှင့် ပိုင်ဆိုင်မှုများကို ဆုံးရှုံးခဲ့ရပြီး အများအပြားမှာ ကြောက်မက်ဖွယ်ရာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ခံခဲ့ရသည်။ အများစုမှာ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆက်လက်ခိုလှုံနေကြပြီး၊ မြန်မာနိုင်ငံရှိ ၎င်းတို့၏ နေရပ်သို့ လုံခြုံစွာ ပြန်လာနိုင် မည့်နေ့ကို စောင့်မျှော်နေကြဆဲဖြစ်သည်။
ဤကြောက်မက်ဖွယ် ရာဇ၀တ်မှုများအတွက် မည်သူတစ်ဦးတစ်ယောက်မျှ ပြစ်ဒဏ်ပေးခံရခြင်း မရှိသေးပေ၊။ ယင်းသည် မြန်မာနိုင်ငံရှိ ကျူးလွန်သူများအား နောက်ဆက်တွဲဆိုးကျိုးကိုကြောက်စရာမလိုပဲ အကြမ်းဖက်မှုများ ဆက်လက်လုပ် ဆောင်ရန် အတင့်ရဲလာစေသည်။ ရာဇ၀တ်မှုကျူးလွန်ခြင်းများကို အပြစ်ပေးနိုင်ခြင်းမရှိပါက အကြမ်းဖက်မှုများကို ပိုမိုကျူးလွန်ရန် အားပေးရာ ရောက်သည်။ ထို့ကြောင့် ကျူးလွန်သူများ ပြစ်ဒဏ်ကင်းလွတ်နေသည့်သံသရာမှာ ကျိုးပျက်ရန် လိုအပ်သည်။
စစ်အုပ်ချုပ်ရေးအပေါ် ဆန့်ကျင်မှုများ ကြီးထွားလာသည်နှင့်အမျှ ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယခုနှစ် အတွင်း လက်နက်ကိုင် ပဋိပက္ခများ မြင့်တက်လာခဲ့သည်။ သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ မုဒိမ်းမှုနှင့် ရွာများကို မီးရှို့ခြင်း စသည့် ထိတ်လန့်ဖွယ်ရာ သတင်းများနှင့်အတူ ရိုဟင်ဂျာများသည် အထူးထိခိုက်လွယ်သည့် အခြေအနေသို့ ကျရောက်နေ သည်။ ယခုလ အစောပိုင်းတွင် အကြမ်းဖက်မှုမှ ထွက်ပြေးလာသည့် ရိုဟင်ဂျာများကို ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အရပ် သားအများအပြား သေဆုံးခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာယန္တရားအနေဖြင့် ၎င်းရာဇ၀တ်မှုများအတွက် စုံစမ်းစစ်ဆေးမှုအသစ်များကို စတင်ပြီး၊ မည်သူတစ်ဦးတစ်ယောက်နှင့် ဆက်စပ်သည်ဖြစ်စေ ကျူးလွန်သူအားလုံး၏ အထောက်အထားများကို စုဆောင်း လျက် ရှိသည်။ သို့သော်လည်း ယခင်ဖြစ်ပွားခဲ့သည့် ရာဇ၀တ်မှုကျူးလွန်သူများကို ပြစ်ဒဏ်ပေးမှုမလုပ်နိုင်မချင်း ရက်စက် ကြမ်းကြုတ်မှု သံသရာသည် ဆက်လက်ရှိနေဦးမည်ဖြစ်သည်။
နိုင်ငံတကာ တရားစီရင်ရေးသည် နှေးကွေးလေ့ရှိသည်။ ခံစားရသည့်ဒုက္ခများ အဆုံးသတ်စေမည့် တရားမျှတမှုရရှိရေးကို မျှော်လင့်နေသည့် ထိခိုက်နစ်နာသူများအတွက် ဤလုပ်ငန်းစဥ်သည် အလွန်စိတ်ပျက်စရာ ဖြစ်နိုင်သည်။ မြန်မာနိုင်ငံဆိုင်ရာယန္တရား အနေဖြင့် ၎င်း စိတ်ပျက်အားမရမှုများကို သိရှိနားလည်ပြီး ရလဒ်များရရှိရေးအတွက် အကောင်းဆုံး ကြိုးစားအားထုတ်လုပ်ဆောင်လျက်ရှိပါသည်။
ဗီဒီယိုများ၊ ဓာတ်ပုံများ၊ ဆိုရှယ်မီဒီယာပို့စ်များနှင့် ဂြိုလ်တုပုံရိပ်များ အပါအဝင် များပြားလှသော အထောက်အထားများ ကို စုဆောင်းရရှိထားပြီး စိစစ်သုံးသပ်လျက်ရှိပါသည်။ ရာနှင့်ချီသော ရှင်သန်ကျန်ရစ်သူများ၊ မျက်မြင်သက်သေများနှင့် ရာဇ၀တ်မှု ကျူးလွန်ရန် အမိန့်ပေးစေခိုင်းမှုများအကြောင်း အတွင်းသတင်းသိသူများကိုလည်း တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်လျက်ရှိပါသည်။
အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုတရားရုံး၊ အပြည်ပြည်ဆိုင်ရာတရားရုံးနှင့် အာဂျင်တီးနား နိုင်ငံရှိ ရိုဟင်ဂျာဆိုင်ရာအမှုများကို ဆောင်ရွက်နေ သည့် တရားရေးအာဏာပိုင်များထံ အထောက်အထားနှင့် စိစစ်သုံးသပ်မှုများ မျှဝေမှုကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ အထောက်အထား အချက်အလက်နှင့် စိစစ်သုံးသပ်မှုပေါင်း တစ်သန်းကျော်ပါဝင်သည့် ဖိုင်တွဲ (၈၀) ကို မျှဝေပြီးဖြစ်သည်။ ၎င်းတို့တွင် နယ်မြေရှင်းလင်းစစ်ဆင်ရေးများအတွင်း စစ်တပ်၏ လှုပ်ရှားဆောင်ရွက်မှုဆိုင်ရာ အစီရင်ခံစာများနှင့် ရိုဟင်ဂျာများမှ အကြမ်းဖက်မှုများ ကျူးလွန်ခံနေရသည့်အချိန်အတွင်း ၎င်းဒေသ တွင်ရှိနေသော လက်နက်ကိုင်အဖွဲ့များ အပေါ် စိစစ်သုံးသပ်မှု အမျိုးမျိုးပါဝင်သည်။ ထို့အပြင် နယ်မြေရှင်းလင်းစစ်ဆင်ရေး မလုပ်ဆောင်မီ၊ လုပ်ဆောင်နေစဥ် နှင့် လုပ်ဆောင်အပြီးတွင် ရိုဟင်ဂျာများ၏ ပိုင်ဆိုင်မှုများ ဆုံးရှုံးခြင်းနှင့် သိမ်းယူခံရခြင်း ဆိုင်ရာ အထောက်အထားများကို စုဆောင်းစိစစ်သုံးသပ်နေသည်။
ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် တာဝန်အရှိဆုံးသူများတွင် ရာဇ၀တ်မှုများကို အမိန့်ပေးစေခိုင်းသူများ၊ ၎င်းတို့ကွပ်ကဲမှုအောက်တွင် ကျူးလွန်သော ရာဇ၀တ်မှုများကို အပြစ်ပေးအရေးယူရန် ပျက်ကွက် သည့်တပ်မှုးများအပါအဝင် ၎င်းရာဇ၀တ်မှုများကို သွေးထိုးလှုံ့ဆော်သည့် အမုန်းစကားပြန့်ပွားရေးလှုပ်ရှားမှုတွင် အားပေး လုပ် ဆောင်သူများကိုဖော်ထုတ်လျက်ရှိသည်။ ဤအထောက်အထားများကို နောင်တစ်ချိန် တရားခွင်တွင် တင်ပြရန်အတွက် ပြင်ဆင်ဆောင်ရွက်နေပြီး ပြစ်မှုကျူးလွန်သူများသည် ၎င်းတို့၏ လုပ်ရပ်များအတွက် ပြစ်ဒဏ်ပေးခံရမည်ဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။ နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများတွင် လူပုဂ္ဂိုလ်များကို တရားစွဲဆိုရာတွင် အသုံးပြုနိုင်မည့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုတွဲများကိုပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီရန် ရည်ရွယ်ပါသည်။
ပိုမို သိရှိရန် iimm.un.org ကို ကြည့်နိုင်သလို iimm@un.org ကို ဆက်သွယ်နိုင်ပါသည်။