Select Page

အချက်အလက်မျှဝေခြင်း

နိုင်ငံတွင်း၊ ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာတရားရုံးများ၊ သို့မဟုတ် ခုံရုံးများတွင် တရားမျှတပြီး သီးသန့်လွတ်လပ်သော ရာဇဝတ်မှုစီရင်ချက်များအား ကူညီထောက်ပံ့၍ လွယ်ကူချောမွတ်စေရန်အတွက်၊ လုပ်ပိုင်ခွင့်ရှိသော စုံစမ်းစစ်ဆေးမှုဆိုင်ရာ၊ တရားစွဲဆိုမှုဆိုင်ရာနှင့် တရားစီရင်ရေးဆိုင်ရာ အာဏာပိုင်များနှင့် သက်ဆိုင်ရာ အချက်အလက်၊ စာရွက်စာတမ်းနှင့် အထောက်အထားများကို မျှဝေရန် ယန္တရားတွင် လုပ်ပိုင်ခွင့်ရှိပါသည်။ ထိုရာဇဝတ်မှု စီရင်ချက်များသည် တရားမျှတပြီး သီးသန့်လွတ်လပ်ကာ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေစံချိန်စံညွှန်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရမည်။

၎င်းအာဏာပိုင်များနှင့် အချက်အလက်များကို မျှဝေသည့်အခါ၊ ကုလ၏ စည်းမျဉ်း၊ စည်းကမ်းနှင့် မူဝါဒများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေ အပါအဝင်၊ သက်ဆိုင်သော အပြည်ပြည်ဆိုင်ရာဥပဒေနှင့် ပုံစံတူအခြား နိုင်ငံတကာ တာဝန်ခံမှုယန္တရားတို့၏ စည်းမျဉ်းများ၊ စံချိန်များနှင့် အလေ့အကျင့်ကောင်းများ စသည်တို့ကို ယန္တရားအနေနှင့် လိုက်နာဆောင်ရွက်သွားပါမည်။ အထူးသဖြင့်၊ သေဒဏ်ပေးနိုင်သော ရာဇဝတ်မှုစီရင်ချက်များနှင့် အချက်အလက်များကို မျှဝေခြင်း လုံးဝမရှိရန် သေချာစွာ ဆောင်ရွက်သွားပါသည်။

တချို့အသေးစိတ် အချက်အလက်များကို မမျှဝေမည်၊ နစ်နာသူများ၊ မျက်မြင်သက်သေများ၊ အစိုးရများနှင့် အစိုးရမဟုတ်သော အချက်အလက်ပေးပို့သူများ အပါအဝင်၊ အချက်အလက်ရင်းမြစ်များက ဖော်ပြထားသော သဘောတူညီချက်များကို လေးစားမည်ဟူသော အာမခံချက်များကို အချက်အလက်တောင်းဆိုသော အဖွဲ့အစည်းများထံမှ ယန္တရားက ကြိုတင်ရယူသွားမည် ဖြစ်သည်။ လက်ခံရရှိမည့် အဖွဲ့အစည်းက တရား​ဥပ​ဒေပြဋ္ဌာန်းချက်များအရ ရပိုင်ခွင့်များနှင့် မျှတသော ရုံးတင်စစ်ဆေးချက် ရပိုင်ခွင့်နှင့်အညီ၊ သင့်လျော်သည့် အစီအမံများကို လုပ်ဆောင်မည်၊ လျှို့ဝှက်ထားရမည့် အချက်အလက်များနှင့် သက်ဆိုင်ရာ လူပုဂ္ဂိုလ်အားလုံး၏ လုံခြုံရေးတို့ကို သေချာစွာ ကာကွယ်ဆောင်ရွက်နိုင်မည်ဟု ကျေနပ်မှသာ၊ ယန္တရားက အချက်အလက်များကို ထုတ်ပေးပါမည်။ ထို့ကြောင့်၊ အချက်အလက် တောင်းဆိုမှုများ အားလုံးကို ယန္တရားအနေနှင့် ဂရုတစိုက် လေ့လာပြီးမှသာ၊ ၎င်းတို့ကို မျှဝေသင့်၊ မျှဝေမသင့် ဆုံးဖြတ်ပါမည်။ မျှဝေမည်ဟု ဆုံးဖြတ်ပါက၊ အချက်အလက်များကို သင့်လျော်သည့် နည်းလမ်းဖြင့် ပေးပို့နိုင်ရန် အသေအချာ လုပ်ဆောင်သွားပါမည်။

ရာဇဝတ်မှုဆိုင်ရာ တရားစီရင်မှုများအတွက် မဟုတ်ဘဲ၊ တရားမျှတမှုကို ကူညီထောက်ပံ့နိုင်သော၊ နောက်လာမည့် ပြစ်မှုများကို တားဆီးနိုင်သော အခြားအသုံးများအတွက် အချက်အလက်များအား မျှဝေရေးနှင့် ပတ်သက်သည့် မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကိုလည်း ယန္တရားက မိမိတို့၏ လုပ်ငန်းတာဝန်သတ်မှတ်ချက်များနှင့်အညီ၊ ရေးဆွဲအတည်ပြုသွားပါမည်။ ထိုကဲ့သို့ ကိစ္စရပ်များအားလုံးတွင်၊ အချက်အလက် မျှဝေခြင်းကြောင့် နစ်နာသူများ၊ မျက်မြင်သက်သေများ သို့မဟုတ်၊ အချက်အလက်ပေးပို့သူများ အန္တရာယ်မဖြစ်စေရန်နှင့်၊ ယန္တရားက အချက်အလက်များကို လျှို့ဝှက်စွာ ထိန်းသိမ်းထားမည်ဆိုသော ကတိကဝတ်များကို မထိခိုက်စေရန်အတွက် တောင်းဆိုမှုကို ယန္တရားက ဂရုတစိုက် ထည့်သွင်းစဉ်းစားရန် လိုအပ်ပါမည်။

အပြည်ပြည်ဆိုင်ရာ တရားရုံး ( စီအိုင်‌ဂျေ-အိုင်စီဂျေ/ ကုလ-အိုအန်ယူ၊ ဓာတ်ပုံများ/ Frank van Beek))