Select Page

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)။ ။ ဂမ်ဘီယာ နှင့် မြန်မာ

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့တွင် ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံ (၅၇) နိုင်ငံ၏ ထောက်ခံမှုဖြင့်  အပြည်ပြည်ဆိုင်ရာ တရားရုံး (International Court of Justice, ICJ) တွင်  တရားစွဲဆိုမှု  တင်သွင်းခဲ့သည်။ လူမျိုးတုံး လုပ်ဆောင်မှု ကာကွယ်ရေးနှင့် ပြစ်ဒဏ်ချမှတ်ရေးဆိုင်ရာ သဘောတူစာချုပ် Convention on the Prevention and Punishment of the Crime of Genocide  (“လူမျိုးတုံး လုပ်ဆောင်မှု စာချုပ်”)  ကိုချိုးဖောက်ကာ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုံး ရာဇဝတ်မှု ကျူးလွန်သည်ဟု စွပ်စွဲခြင်းဖြစ်သည်။ ဂမ်ဘီယာနိုင်ငံသည် အဆိုပါ စာချုပ် အပိုဒ် (၉) အရ အမှုကို တင်သွင်းခဲ့သည်။ အဆိုပါ စာချုပ်အပိုဒ်အားဖြင့် “လူမျိုးတုံးလုပ်ဆောင်မှုအတွက် နိုင်ငံတစ်နိုင်ငံ၏ တာဝန်နှင့် စပ်လျဉ်း၍” နိုင်ငံများအကြား အငြင်းပွားမှုများကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တရားစွဲဆိုခွင့် ပြုထားသည်။ မြန်မာနိုင်ငံသည် လူမျိုးတုံး လုပ်ဆောင်မှုဆိုင်ရာ စာချုပ်ကို ၁၉၅၆ ခုနှစ်တွင် အတည်ပြု လက်မှတ်ရေးထိုး ခဲ့သည်။

ဂမ်ဘီယာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ တရားရုံး သို့ တင်သွင်းသည့်လျှောက်လွှာတွင် “လူမျိုးတုံး လုပ်ဆောင်မှု စာချုပ်အရ ရိုဟင်ဂျာလူမျိုးစု/အုပ်စု၏ အခွင့်အရေးများကို ပြန်လည်အစားထိုး၍ မရနိုင်သော နောက်ထပ် ထိခိုက်နစ်နာမှုများမှ အကာအကွယ်ပေးရန်” အတွက်  အကြို အစီအမံများ  ကိုလည်း တောင်းဆိုခဲ့သည်။ အပြည်ပြည်ဆိုင်ရာ တရားရုံးသည် တောင်းဆိုချက်ကို တုံ့ပြန်သည့် အနေဖြင့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်နေ့တွင်  အမိန့်  တစ်ရပ်ကို ချမှတ်ပေးခဲ့သည်။ အဆိုပါ အမိန့်အရ လူမျိုးတုံး လုပ်ဆောင်မှုဆိုင်ရာ စာချုပ်တွင် အဓိပ္ပါယ်ဖွင့်ဆိုထားသော လုပ်ရပ်များအား ကျူးလွန်ခြင်းကို တားဆီးရန်အတွက် “မိမိ(မြန်မာနိုင်ငံ)၏ အာဏာအတွင်းရှိ အစီအမံ အားလုံးကို လုပ်ဆောင်ရန်” တရားရုံးသည် မြန်မာနိုင်ငံအား ညွှန်ကြားခဲ့သည်။ ထို အမိန့်တွင် မြန်မာနိုင်ငံ၏ စစ်တပ်နှင့် ပုံမှန် မဟုတ်သည့် လက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် အထက်ပါ လုပ်ရပ်များ ကျူးလွန်ခြင်းကို ရပ်တန့်ရန် မဖြစ်မနေ လုပ်ဆောင်ရမည်ဟုလည်း ပါ၀င်သည်။ အပြည်ပြည်ဆိုင်ရာ တရားရုံး အမှုအခင်းများနှင့် စပ်လျဉ်းသည့် “သက်သေခံ အထောက်အထားကို ဖျက်ဆီးခြင်း မှ ကာကွယ်ရန်နှင့် ၎င်းအထောက်အထားများကို ထိန်းသိမ်းထားကြောင်း သေချာစေရန် ထိရောက်သော အစီအမံများ လုပ်ရန်” အတွက်လည်း တရားရုံးသည် မြန်မာနိုင်ငံအား အမိန့်ချမှတ်ခဲ့သည်။  နောက်ဆုံး အနေဖြင့် အဆိုပါ အမိန့်ကို မြန်မာနိုင်ငံက လိုက်နာဆောင်ရွက်သည့် အစီအမံများနှင့် ပတ်သက်၍ ပုံမှန် အစီရင်ခံစာများ တင်သွင်းရန် တရားရုံးသည် မြန်မာနိုင်ငံအား ညွှန်ကြားခဲ့သည်။

ကြီးလေးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများ ချိုးဖောက်ခြင်း စွပ်စွဲခံရသည့် လူပုဂ္ဂိုလ်များအပေါ် အမှုတွဲများ တည်ဆောက်သည့် ယန္တရား၏ အလုပ်နှင့် အိုင်စီဂျေ ကွာခြားသည်မှာ အိုင်စီဂျေသည် ၎င်း ထံသို့ တင်သွင်းသည့် အဖွဲ့ဝင် နိုင်ငံများ၏ “တစ်နိုင်ငံနှင့် တစ်နိုင်ငံ” အကြားဖြစ်သော အငြင်းပွားမှု အမှုအခင်းကို ဆောင်ရွက်ခြင်း ဖြစ်သည်။ သို့သော်လည်း လူ့အခွင့်အရေး ကောင်စီ ဆုံးဖြတ်ချက် ၄၃/၂၆ အရ ယန္တရား၏ လုပ်ပိုင်ခွင့်သည် အပြည်ပြည်ဆိုင်ရာ တရားရုံး အမှုအခင်းများနှင့် စပ်လျဉ်း၍ သတင်းအချက်အလက်များ ဝေမျှပေးရန် ယန္တရားအား ခွင့်ပြုထားသည်။ ယန္တရားသည် သတင်းအချက်အလက် သက်သေခံအရာ ပေးအပ်ထားသောသူများ၏ သဘောတူညီချက်ရယူ၍ ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့အား ၎င်းတို့၏ တောင်းဆိုချက်နှင့်အညီ သတင်းအချက်အလက် သက်သေခံအရာများ ဝေမျှပေးလျက်ရှိပါသည်။

၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့တွင် လူ့အခွင့်အရေး ကောင်စီသည် ၎င်း၏ ဆုံးဖြတ်ချက် ၄၃/၂၆ ဖြင့် “အနာဂတ် စုံစမ်းစစ်ဆေးမှုကို စီရင်ဆောင်ရွက်မည့် နိုင်ငံတွင်း၊ ဒေသတွင်း၊ အပြည်ပြည်ဆိုင်ရာ တရားရုံးများ သို့မဟုတ် ခုံရုံးများ၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံး၊ အပြည်ပြည်ဆိုင်ရာ တရားရုံးတို့နှင့်ယန္တရား အကြား နီးနီးကပ်ကပ်နှင့် အချိန်မီ ပူးပေါင်းဆောင်ရွက်ရန်” ညွှန်ကြားခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့တွင် မြန်မာနိုင်ငံ အစိုးရသည် “တရားရုံး၏ စီရင်ပိုင်ခွင့်နှင့် လျှောက်လွှာ၏ တင်သွင်းလျှောက်ထားနိုင်ခွင့်တို့အပေါ် ပဏာမ ကန့်ကွက်ချက်များ” တင်သွင်းခဲ့သည်။ ဤကန့်ကွက်ချက် များအား စာဖြင့်ရေးသားထားသည့် ဖြေကြားချက်ကို ၂၀၂၁ ခုနှစ်၊ မေလ (၂၀) ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းရန် တရားရုံးသည် ဂမ်ဘီယာနိုင်ငံအား ညွှန်ကြားသည့် အမိန့် တစ်ရပ်ကို  ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့တွင် ချမှတ်ပေးခဲ့သည်။ ထို့နောက် တရားရုံးသည် မြန်မာနိုင်ငံ၏ မဏာမ ကန့်ကွက်ချက်များနှင့် ပတ်သက်၍ အမိန့်တစ်ရပ်ကို ချမှတ်ပါလိမ့်မည်။

ဂမ်ဘီယာနှင့် မြန်မာအမှုကို အိုင်စီဂျေတွင် ကြားနာမှုစတင် ဖွင့်လှစ်ခြင်း ( ကုလ ဓာတ်ပုံ/ အိုင်စီဂျေ-စီအိုင်ဂျေ/ Frank van Beek)