Select Page

ဂျီနီဗာမြို့၊ ဒါကာမြို့။ ။ အကြီးအကဲ ဖြစ်သူ မစ္စတာ နီကိုလတ်စ်ခွန်ဂျန် ဦးဆောင်သော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံအတွက် လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (မြန်မာနိုင်ငံဆိုင်ရာ ယန္တရား) မှ ကိုယ်စားလှယ်အဖွဲ့သည် ယန္တရား၏ ဒေသတွင်း ကနဦးခရီးစဉ်အနေနှင့် (၂၀၁၉)ခုနစ် ၊ နိုဝင်ဘာလ (၉)ရက်မှ (၁၄)ရက်အထိ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ လည်ပတ်သွားရောက်ခဲ့သည်။

၎င်းတို့အဖွဲ့သည် ကော့စ်ဘဇားသို့ သွားရောက်ကာ၊ ဒုက္ခသည်အသိုင်းအဝိုင်း၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ရပ်ရွာခေါင်းဆောင်များ စသည့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကြသည်။ မစ္စတာခွန်ဂျန်က ယန္တရား၏ လုပ်ပိုင်ခွင့်ကို ရှင်းလင်းတင်ပြကာ၊ ကိုယ်စားလှယ်များ၏ စိုးရိမ်ပူပန်မှုများကို ကြားနာပြီး၊ ထိခိုက်နစ်နာသူများက ယန္တရားနှင့် မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်နိုင်သည်ကို ဆွေးနွေးခဲ့ကြသည်။

ထိခိုက်နစ်နာသူများ၏ကိုယ်စားလှယ်တို့မှ မေးမြန်းချက်များဖြစ်သော ယန္တရား၏ ဖြစ်လာနိုင်သည့် ထိရောက်ချက်နှင့် ၎င်း၏ ခရီးစဉ်များကို မည်ကဲ့သို့ စေလွှတ်မည် စသည်တို့အပေါ် ဆွေးနွေးပွဲများက ဗဟိုပြုခဲ့ကြသည်။ ယန္တရားသည် စုံစမ်းစစ်ဆေးမှုဆိုင်ရာ ဖြစ်ပြီး၊ တရားစီရင်နိုင်သော တရားရုံးမဟုတ်ကြောင်း၊ မိမိတို့က နိုင်ငံတစ်နိုင်ငံရှိ တရားရုံးများနှင့် အပြည်ပြည်ဆိုင်ရာ တရားရုံးများ၏ သက်ဆိုင်ရာ အာဏာပိုင်များကို အားကိုး၍၊ ၎င်းတို့နှင့် ပူးပေါင်းကာ တရားစွဲဆိုနိုင်ရန် လုပ်ဆောင်သွားမည်ဟု မစ္စတာခွန်ဂျန်က ဖြေရှင်းပြောကြားခဲ့သည်။ မိမိတို့ စုဆောင်းရရှိပြီးသော၊ ရာဇဝတ်မှုအတွက် လူပုဂ္ဂိုလ်တစ်ဦးစီ၏ တာဝန်ဝတ္တရားဆိုင်ရာ အထောက်အထားများကို ယန္တရားက အမှုတွဲများအနေနှင့် စုစည်းပြင်ဆင်ပြီး၊ လေးနက်သော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများအား ကျူးလွန်ခဲ့သူများကို တရားစွဲဆိုနိုင်ရန်အတွက် လုပ်ဆောင်နိုင်စွမ်းနှင့် လုပ်ဆောင်လိုချက်တို့ရှိသော နိုင်ငံတွင်း၊ ဒေသတွင်း နှင့် အပြည်ပြည်ဆိုင်ရာခုံရုံးများသို့ ၎င်းအမှုတွဲများကို ပြောင်းလွှဲပေးအပ်မည်ဖြစ်သည်။

မျက်မြင်သက်သေတို့၏ လုံခြုံရေးနှင့် ကိုယ်ရေးအချက်အလက်တို့ကို လေးစားရန် က အမြင့်ဆုံး ဦးစားပေးပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းအပါအဝင်၊ ထိခိုက်နစ်နာသူများ၏ ကိုယ်စားလှယ်တို့က စိုးရိမ်ပူပန်နေသော တခြား ကိစ္စများနှင့် ပတ်သက်၍လည်း မစ္စတာခွန်ဂျန်က ရှင်းလင်းပြောကြားခဲ့သည်။

“တိုင်းရင်းသား အဖွဲ့အစည်းအားလုံးမှ ထိခိုက်နစ်နာခဲ့ရသူတွေက မြန်မာနိုင်ငံဆိုင်ရာ ယန္တရားရဲ့ အဓိကပါဝင်လှုပ်ရှားသူတွေပါ။ နောက်လာမည့် ခရီးစဉ်ပေါင်းများစွာမှာ တခြားတိုင်းရင်းသား အသိုင်းအဝိုင်းက ထိခိုက်နစ်နာသူတွေနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံသွားမှာ ဖြစ်ပါတယ်” ဟုမြန်မာနိုင်ငံဆိုင်ရာယန္တရား၏ အကြီးအကဲကဆိုသည်။ “ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်က ယန္တရားရဲ့ ထူးခြားတဲ့ လုပ်ပိုင်ခွင့်ကို ရှင်းပြဖို့ပါ။ ယန္တရားက တရားရုံးမဟုတ်တဲ့အတွက် ကိုယ်တိုင် ဘယ်သူ့ကိုမှ ဖမ်းဆီး၊ တရားစွဲဆို၊ အပြစ်ပေးတာတို့ မလုပ်နိုင်ပေမဲ့၊ (၂၀၁၁) က စပြီး၊ မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့ကြတဲ့ ရာဇဝတ်မှုတွေနဲ့ အပြည်ပြည်ဆိုင်ရာ ဥ‌ပဒေချိုးဖောက်မှုတွေရဲ့ အထောက်အထားတွေကို စုဆောင်း၊ သုံးသပ်၊ ထိန်းသိမ်းထားကာ၊ တာဝန်ခံမှုရှိစေရေးကို တိုးမြှင့်ပေးဖို့ မိမိတို့ရဲ့ လုပ်ပိုင်ခွင့်ကို လိုက်လံလုပ်ဆောင်သွားမှာပါ။”

ယန္တရား၏ လုပ်ပိုင်ခွင့်ကို ထမ်းဆောင်နိုင်ရန်အတွက် လိုအပ်သော ပူးပေါင်းဆောင်ရွက်မှုတို့ကို အတည်ပြုရန် ကိုယ်စားလှယ်အဖွဲ့က သက်ဆိုင်ရာ အရာရှိများနှင့်လည်း ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည်။

အဆိုးရွားဆုံးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများ နှင့် နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများ၏ အထောက်အထားများအား စုဆောင်း၊ ပေါင်းစည်း၊ ထိန်းသိမ်း၊ စိစစ်သုံးသပ်ရန် ပြဋ္ဌာန်းထားသော လုပ်ပိုင်ခွင့်ဖြင့် လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားကို (၂၀၁၈) စက်တင်ဘာလ (၂၇)ရက်နေ့တွင် ဆုံးဖြတ်ချက်အမှတ် (၃၉/၂)မှတဆင့် တည်ထောင်ခဲ့သည်။ ပြစ်မှုများအတွက် လက်ရှိတွင် တရားစီရင်ခွင့်ရှိသော၊ သို့မဟုတ် အနာဂတ်တွင် တရားစီရင်ခွင့်ရှိလာနိုင်သော၊ နိုင်ငံတွင်း၊ ဒေသတွင်း နှင့် အပြည်ပြည်ဆိုင်ရာတရားရုံးများ၊ သို့မဟုတ် ခုံရုံးများတွင်၊ တရားမျှတ၍ သီးသန့်လွတ်လပ်သော ရာဇဝတ်မှု စီရင်ချက်များကို ကူညီထောက်ပံ့၍ လွယ်ကူချောမွတ်စေရန်အတွက်၊ စုဆောင်းပြီးသော အချက်အလက်များကို အသုံးပြုကာ အမှုတွဲများကို ပြင်ဆင်ရန် လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်က မြန်မာနိုင်ငံဆိုင်ရာ ယန္တရားကို ဆက်လက် ညွှန်ကြားခဲ့သည်။

ရိုဟင်ဂျာ ဘာသာစကားအသံဖိုင်