Select Page

မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား အကြီးအကဲ Nicholas Koumjian ၏ ပြောကြားချက်

ဂျီနီဗာ၊၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၅ ရက် – လွန်ခဲ့သော ၅ နှစ် ဤနေ့တွင်၊  မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူဦးရေအများစုကို အမြစ်လှန်ပစ်ခဲ့သည့် အကြမ်းဖက်မှုလှိုင်းတစ်ခု ရိုက်ခတ်ခဲ့သည်။ ယောက်ျားများ၊ မိန်းမများနှင့် ကလေးများသည် နေအိမ်များမှ ဝရုန်းသုန်းကား ထွက်ပြေးခဲ့ကြရပြီး အများစုမှာ ၎င်းတို့၏ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများနှင့် ချစ်ခင်ရသူများ ဆုံးရှုံးခဲ့ကြသည်။ ကလေးတဝက်ကျော်ပါဝင်သော ရိုဟင်ဂျာ ခုနှစ်သိန်းခွဲ့ခန့်သည် နယ်စပ်ဖြတ်ကျော်ကာ ယနေ့ ၎င်းတို့ နေထိုင်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ 

၂၀၁၇ ခုနှစ်အတွင်း နေရပ်စွန့်ခွာမှုပမာဏသည် အထူးတုန်လှုပ်ဖွယ်ဖြစ်သော်လည်း၊ လွန်ခဲ့သော ဆယ်စုနှစ် ကတည်းက ဖြစ်နေခဲ့သည့် သေစေနိုင်သောအကြမ်းဖက်မှုများကြောင့် မြန်မာနိုင်ငံရှိ ယာယီစခန်းများတွင် အပိတ်ခံထားရသည့် ရိုဟင်ဂျာပေါင်း ၁၃၀,၀၀၀ ခန့် ဆက်ရှိနေသည်ကို ကျွန်ုပ်တို့ မမေ့သင့်ပါ။ ထိုကာလတွင်း ကြိုကြားဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုလှိုင်းများကြောင့် နောက်ထပ်သောင်းနှင့်ချီသော ရိုဟင်ဂျာများ နေရပ် စွန့်ခွာခဲ့ရသည်။ ဤအဖြစ်အပျက်များသည် ကြေကွဲစရာဖြစ်ပါသည်။ သို့သော် အကြီးမားဆုံး ကြေကွဲစရာသည် ရိုဟင်ဂျာများ နေရပ်ပြန်နိုင်ရန် စောင့်ဆိုင်းနေကြရဆဲဖြစ်ပြီး၊ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့၏ ဒုက္ခများ ပိုတိုးလာနေခြင်း ဖြစ်သည်။

လုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ နေရပ်သို့ပြန်နိုင်ရေးတွင် တရားမျှတမှုရရှိရေးသည် အရေးကြီးသော ခြေလှမ်းဖြစ် သည်။ သို့သော် ရိုဟင်ဂျာများအပေါ် ကျူးလွန်သော ရာဇ၀တ်မှုများအတွက် တာဝန်ရှိသူများကို အရေးယူနိုင် ခြင်း မရှိသေးပေ။ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားသည် ဤအခြေအနေကို ပြောင်းလဲရန် လုပ်ဆောင်နေပါသည်။ လူ့အသက်များ၊ မိသားစုဝင်များနှင့် အိုးအိမ်များ ဆုံးရှုံးခဲ့ရသော ရိုဟင်ဂျာအားလုံးအတွက် တရားမျှတမှုရရှိရေး တိုက်ပွဲတွင် ကျွန်ုပ်တို့ ပါဝင်ကူညီနေသည်။ ရိုဟင်ဂျာများနှင့် မြန်မာနိုင်ငံရှိ အခြားသူများအပေါ် ကျူးလွန်သော ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှုဆိုင်ရာ အထောက်အထားများကို ကျွန်ုပ်တို့ စုဆောင်းလျက်ရှိသည်။ အပြစ်မဲ့ အရပ်သားများကို သတ်ဖြတ်ခြင်းနှင့် နေရပ်များမှ ဖယ်ရှားပစ်ခြင်းအတွက် တာဝန်ရှိသော ပုဂ္ဂိုလ်များအပြင်၊ စကားလုံးများ၊ ငွေကြေး သို့မဟုတ် အာဏာစက် တို့ဖြင့် ဤတုန်လှုပ်ဖွယ် ရာဇဝတ်မှုများကို မီးမွှေးလှုံ့ဆော်ပေးသူများကိုပါ ဖော်ထုတ်နိုင်ရန် အထောက်အထား များကို ကျွန်ုပ်တို့ စုဆောင်းလျက်ရှိသည်။

နိုင်ငံတကာ တရားမျှတမှု ဘီးများသည် အလွန်နှေးကွေးစွာသာ လည်ပတ်နိုင်ပြီး၊ အကျိုးဆက်အဖြစ် ရာဇဝတ်မှု ကျူးလွန်ခံရသူများသည် ဒုက္ခပိုခံစားနေရကြောင်း ယန္တရားမှ သိပါသည်။ ထို့ကြောင့် ရလဒ်များ အမြန်ဆုံးရရှိရန် တတ်နိုင်သမျှ လုပ်ဆောင်နေပါသည်။ သို့သော် ကျွန်ုပ်တို့ တစ်ဦးတည်းလုပ်၍ မရနိုင်ပါ။ ယန္တရားသည် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း သို့မဟုတ် နိုင်ငံကိုမှ ပူးပေါင်းဆောင်ရွက်လာရန် တွန်းအားပေးနိုင်သည့် အာဏာ မရှိပါ။ မည်သူ့ကိုမှ မဖမ်းဆီးနိုင်ပါ။ ကိုယ်တိုင် တရားစီရင်မှုများ မလုပ်နိုင်ပါ။ ၎င်းအစား၊ ယန္တရား၏ လုပ်ပိုင်ခွင့် မှာ ယခု သို့မဟုတ် အနာဂတ်တွင် တရားစီရင်ပိုင်ခွင့်အာဏာရှိသည့် တရားရုံးများသို့ အထောက်အထားများ ပေးအပ်ခြင်းဖြင့်၊ တရားသူကြီးများမှ ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်မှန်များကို ဆုံးဖြတ်ရာတွင် လိုအပ်သည့် အချက်အလက်များ ရရှိစေရန်ဖြစ်သည်။ ဤသို့ဆောင်ရွက်ရာတွင် လူပုဂ္ဂိုလ်များ၊ စီးပွားရေး လုပ်ငန်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် အစိုးရများ၏ သတင်းအချက်အလက်မျှဝေမှုဖြင့် ပူးပေါင်းဆောင်ရွက်မှု ရရှိခြင်း အပေါ် ကျွန်ုပ်တို့၏ စုံစမ်းစစ်ဆေးမှုများမှ အားထားရသည်။

ရိုဟင်ဂျာများနှင့် တခြားမြန်မာနိုင်ငံသားများအပေါ် ကျူးလွန်သော ရာဇ၀တ်မှု အသေးစိတ်အချက်အလက်များ ကို စုစည်းရန်နှင့် သက်သေများနှင့် ထိခိုက်နစ်နာသူများထံ ဆက်သွယ်နိုင်ရေးသည် ယန္တရားအတွက် အလွန် အရေးကြီးသည်။ ဤရာဇ၀တ်မှုများကို မျက်မြင် သို့မဟုတ် ကိုယ်တိုင်ခံစားခဲ့ရသူများကို ပြောလိုသည်မှာ – သင်၏ အတွေ့အကြုံများသည် အထောက်အထားအဖြစ် အလွန်အရေးပါသော အခြေခံ အဆောက်အအုံများ ဖြစ်သည်။ သင်မြင်တာကို ပြောပြရန် ကျွန်ုပ်တို့ ဖိတ်ခေါ်ပါသည်။ ရာဇ၀တ်မှုဖြစ်စေသည့် အစီအမံများ၊ လုပ်ဆောင်ချက်များ၊ အမိန့်ပေးမှုများနှင့် ပက်သက်၍ အတွင်းသတင်း ရရှိထားသူများအား ပြောလိုသည်မှာ – သင်သိထားသည်များကို ကျွန်ုပ်တို့ကိုပြောပြပါ။ သင်၏အချက်အလက်များကို လျှို့ဝှက်လုံခြုံစွာ လက်ခံယူရန် ကျွန်ုပ်တို့တွင် လုပ်ငန်းစဉ် များရှိပါသည်။ ကျွန်ုပ်တို့သည် သတင်းအချက်အလက် ပေးဆောင်သူများ၏ သဘောတူညီချက်ဖြင့် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်တရားရုံးနှင့် အပြည်ပြည်ဆိုင်ရာ တရားရုံးတို့ထံ အချက်အလက်များ မျှဝေလျှက် ရှိနေပါသည်။

ငါးနှစ်ကြာပြီးသောအခါတွင် ရိုဟင်ဂျာများသည် အဖြစ်ဆိုးများနှင့် ဆက်လက်ကြုံတွေ့နေရသည်။ ၎င်းတို့အပေါ် ကျုးလွန်သော အကြီးလေးဆုံး ရာဇ၀တ်မှု ကျူးလွန်သူများကို တရားစီရင်နိုင်မှုရှိစေရန်နှင့်၊ မြန်မာနိုင်ငံရှိ ၎င်းတို့ ၏ နေအိမ်များသို့ လုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးအတွက် အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင် ကျုးလွန်သည့် အလေးနက်ဆုံးသော နိုင်ငံတကာရာဇဝတ်မှု ချိုးဖောက် ခြင်း  အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန်အတွက် ၂၀၁၈ ခုနှစ်တွင်  ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။ နိုင်ငံတွင်း၊ ဒေသတွင်းနှင့်  နိုင်ငံတကာတရားရုံးများတွင် တာဝန်ရှိသူများအပေါ် အနာဂတ်တရားစွဲဆိုမှုများပြုလုပ်ရာတွင် အသုံးပြုနိုင်မည့်အထောက်အထား များကို ထိန်းသိမ်းစုစည်းကာ အမှုတွဲများကို ပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီရန် ရည်ရွယ်ပါသည်။

ပိုမိုသိရှိလိုပါက https://iimm.un.org/ သို့ဝင်ရောက်ကြည့်ရှုပါ။ သို့မဟုတ် iimm@un.org သို့ ဆက်သွယ်ပါ။

ရိုဟင်ဂျာ ဘာသာဖြင့် နားဆင်ရန်