Select Page

ဒီဇင်ဘာလ ၂၃၊ ၂၀၂၂ ခုနှစ် – ဖရူဆိုမြို့နယ် မိုဆိုရွာအနီးရှိလမ်းပေါ်တွင် အနည်းဆုံးကလေးတစ်ဦး အပါ အဝင် လူအယောက် ၃၀ အသတ်ခံရပြီး အလောင်းများမီးရှို့ခံရမှု အဖြစ်အပျက် မနက်ဖြန် တစ်နှစ်ပြည့်ပြီ။ ကုန်လွန်ခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားသည် ၎င်းအမှုနှင့် မြန်မာနိုင်ငံတဝှမ်း ကျူးလွန်ခဲ့သည့် ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှု အချက်အလက်များစုဆောင်း၍ စိစစ်သုံးသပ်ပြီး ပြစ်မှုကျူးလွန်သူများ တစ်နေ့နေ့တွင် တရားရင်ဆိုင်ရ  စေရန် အားစိုက်လုပ်ဆောင်လျှက်ရှိပါသည်။

ဒီဇင်ဘာလ ၂၄ ရက် ဤကြေကွဲဖွယ်ရာဖြစ်ရပ် ဖြစ်ပွားပြီးချိန်ကစပြီး မြန်မာနိုင်ငံတွင် ကျူးလွန်ခဲ့သည့် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုအထောက်အထားများ စုဆောင်းခြင်းနှင့် စိစစ်သုံးသပ်ခြင်းတွင် အနောက်ဘက် ရခိုင်ပြည်နယ်မှ အရှေ့ဘက် ကယားပြည်နယ်အတွင်း ဖြစ်ခဲ့သောလူသတ်မှု၊ မုဒိမ်းမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ဥပဒေမဲ့ထောင်ချမှု၊ ပြည်နှင်ဒဏ် သို့မဟုတ် အတင်းအကျပ် ရွှေ့ပြောင်းခြင်း စသည့် အထောက်အထားများ ပါဝင်သည်။ ၎င်းပြင် ရိုဟင်ဂျာများအပေါ် နှိပ်စက်ညှဉ်းပန်းမှု၊ ၂၀၁၁ ခုနှစ်ကတည်းက လူနည်းစုများအပေါ် တိုက်ခိုက်မှု၊ လတ်တလော နိုင်ငံအနှံ့ ဖြစ်ပေါ်နေသည့် တိုက်ခိုက်မှုများနှင့် နှစ်ပေါင်းများစွာ ကျူးလွန်ခဲ့သော ရာဇ၀တ်မှုသက်သေအထောက်အထားများ ပါဝင်သည်။ ဝမ်းနည်းစရာမှာ ကျောင်းများ၊ ဆေးရုံများနှင့် ဘုရားကျောင်းများကဲ့သို့ အရပ်သားနှင့်ဆိုင်သည့် နေရာများကို တမင်သက်သက် သို့မဟုတ် မရှောင်ရှားပဲတိုက်ခိုက်မှု အရေအတွက် သိသိသာသာ တိုးလာခြင်းဖြစ်သည်။ အရပ်သားများကို ပစ်မှတ်ထားသည့် လက်နက်ကိုင် တိုက်ခိုက်မှု သို့မဟုတ် အရပ်သားများထိခိုက်မှုကို မရှောင်ရှားပဲ တိုက်ခိုက်မှုများကို နိုင်ငံတကာစစ်ဥပဒေများက တားမြစ်ထားပြီး၊ ဤလုပ်ရပ်ကို စစ်ရာဇ၀တ်မှု သို့မဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုအဖြစ် အပြစ်ပေးနိုင်သည်။

နိုင်ငံတကာတရားမျှတမှုလုပ်ငန်းစဥ်တွင် ဖြည်းဖြည်းချင်း အသေးစိတ်ဂရုစိုက် လုပ်ရမှုမျိုးရှိသည်။ ရာဇ၀တ်မှုစုံစမ်းစစ်ဆေးရာတွင် အထောက်အထားများစုဆောင်းခြင်းကို ရေရှည်အားစိုက်လုပ်ရန်လို သည်။ အချက်အလက်များ လတ်ဆတ်နေသည့်အချိန် စုဆောင်းခြင်းသည် တရားမျှတမှု ဖြစ်ထွန်းရေး တွင် အလွန်အရေးပါသည်။ အထောက်အထားများကို သိုလှောင်ခန်းတွင် ဖုန်တက်ယုံ စုဆောင်း ထားရန် မဟုတ်ဘဲ၊ ကျူးလွန်သူများကိုတရားစွဲမည့် တရားရုံးတွင် အသုံးပြုနိုင်ရန်ဖြစ်ပါသည်။ အချက်အလက် ပေးသူများ၏ သဘောတူညီချက်ဖြင့်၊ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံးနှင့် အပြည်ပြည်ဆိုင်ရာတရား ရုံးရှိ လက်ရှိရိုဟင်ဂျာဆိုင်ရာအမှုများဆောင်ရွက်နေသူများထံ အထောက်အထားများမျှဝေပြီး ဖြစ်ပါ သည်။

ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ရာဇ၀တ်မှုများနှင့်ပတ်သက်သည့် အချက်အလက်များကို သတ္တိရှိရှိပေးပို့ ပေးသော ပုဂ္ဂိုလ်များကို ယန္တရားမှအလွန်ကျေးဇူးတင်ပါသည်။ စုံစမ်းစစ်ဆေးနေသည့် ရာဇ ၀တ်မှုများမှ အသက်ရှင်ကျန်ရစ်သူများ၊ ၎င်းတို့၏ မိသားစုများ၊ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များ၏ သက်သေခံထွက်ချက်များသည် အမှုများတည်ဆောက်ရာတွင် အလွန်အရေးပါသည်။ အလားတူ အရေး ကြီးသည်မှာ တရားမဝင်အမိန့်၊ မူဝါဒ နှင့် ပက်သက်သည့် သတင်းရရှိသူများ ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ လုံခြုံလျှို့ဝှက်စွာ ဆက်သွယ်နိုင်သော ချန်နယ်များမှတစ်ဆင့် မြန်မာနိုင်ငံရှိ ကြီးလေးသော နိုင်ငံတကာ ရာဇ၀တ်မှုများနှင့်ပတ်သက်သည့် သတင်းအချက်အလက်ရရှိသူ မည်သူမဆို ကျွန်ုပ်တို့နှင့် ဆက်သွယ် ရန် တိုက်တွန်းပါသည်။

ယန္တရားနှင့် မည်သို့ လုံခြုံလျှို့ဝှက်စွာ ဆက်သွယ်ပြောဆိုနိုင်မည့် အကြောင်းများကို ဤနေရာတွင် တွေ့နိုင်ပါသည်။  လျှို့ဝှက်နှင့် သတိကြီးစွားထားရန်လိုအပ်သော ဆက်သွယ်မှုများ | IIMM (un.org)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင် ကျုးလွန်သည့် အလေးနက်ဆုံးသော နိုင်ငံတကာရာဇဝတ်မှု ချိုးဖောက် ခြင်း  အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန်အတွက် ၂၀၁၈ ခုနှစ်တွင်  ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။ နိုင်ငံတွင်း၊ ဒေသတွင်းနှင့်  နိုင်ငံတကာတရားရုံးများတွင် တာဝန်ရှိသူများအပေါ် အနာဂတ်တရားစွဲဆိုမှုများပြုလုပ်ရာတွင် အသုံးပြုနိုင်မည့်အထောက်အထား များကို ထိန်းသိမ်းစုစည်းကာ အမှုတွဲများကို ပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီရန် ရည်ရွယ်ပါသည်။

ပိုမိုသိရှိလိုပါက https://iimm.un.org/ သို့ဝင်ရောက်ကြည့်ရှုပါ။