Select Page

နီကိုလတ်စ်ခွန်ဂျန်

မကြာသေးမီသော လများအတွင်း တစ်ကမ္ဘာလုံး၌ ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုသည် အာရှနှင့် ကမ္ဘာအနှံ့ရှိ အာရုံကို လွှမ်းမိုးထားသည်။ သို့သော်လည်း၊ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (Independent Investigative Mechanism for Myanmar) အနေဖြင့် အများသိစေရန် ဤသတင်းစကား ပေးလိုပါသည်။ မိမိတို့၏ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်နေပြီး ဗိုင်းရပ်စ်ကြောင့် လက်ရှိဖြစ်ပွားနေသည့် ရာဇဝတ်မှုများကို မျက်ကွယ်ပြုထားမည်မဟုတ်ကြောင်း ပြောလိုပါသည်။

ဧပြီလတွင်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက ”တစ်ကမ္ဘာလုံး ကိုဗစ်(၁၉)ကြောင့် အလုပ်များနေချိန်မှာ မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်က အရပ်သားလူထုကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတွေကို အရှိန်မြှင့်တင်နေပါတယ်” ဟု သတိပေးခဲ့သည်။ (၂၀၁၈)ခုနှစ်၊ ဒီဇင်ဘာလမှစပြီး၊ ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင်၊ ရာပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရပြီး၊ အရပ်သား (၁၅၇၀၀၀)ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ယန်ဟီးလီက တင်ပြခဲ့သည်။ ဒေသခံ ရခိုင့်တပ်မတော်ကလည် အာဏာပိုင်များ၊ လွှတ်တော်အမတ်များ စသည်တို့ကို ဖမ်းဆီးခဲ့မှုတို့ကိုလည်း ၎င်းက ထောက်ပြခဲ့သည်။ ၎င်း၏ တာ၀န်သက်တမ်း မပြီးဆုံးမီ နောက်ဆုံးပြုလုပ်ခဲ့သည့် သတင်းထုတ်ပြန်ချက်တွင် “စွပ်စွဲထားသည့် ရာဇဝတ်မှုများကို နိုင်ငံတကာ စံနှုန်းနှင့်အညီ စစ်ဆေးသင့်သည်” ဟု ပြောဆိုထားသည်။ ပဋိပက္ခချုပ်ငြိမ်းစေရန်မှာ တာဝန်ခံမှုဖော်ဆောင်ရန် အဓိကကျသည်ဟုလည်း အလေးအနက်ပြောဆိုခဲ့ သည်။

လေးနက်သော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများအတွက် တာဝန်ခံမှုများ ပေါ်ပေါက်လာစေရန် သီးသန့်ရည်ရွယ်လျက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားကို ဖွဲ့စည်းခဲ့ပါသည်။ ၎င်းယန္တရားသည် လက်ရှိအချိန်တွင် လုပ်ငန်းစတင်လည်ပတ်လျက်ရှိပြီး၊ အကြီးအကဲအဖြစ် ဦးဆောင်ခွင့်ရသဖြင့် ကျွန်တော့အနေနှင့် အလွန်ဂုဏ်ယူမိပါသည်။ ကိုရိုနာဗိုင်းရပ်စ်ကို အာရုံစိုက်နေကြသဖြင့် ရာဇဝတ်မှုများကို မည်သူမှ သတိမထားမိပဲ၊ ကျူးလွန်နိုင်မည်ဟု မှတ်ယူနေကြသည့် ပြစ်မှုကျူးလွန်သူများအနေဖြင့် စိတ်ပျက်သွားကြမည်ဖြစ်သည်။ ယန္တရားက သင်တို့ကို စောင့်ကြည့်နေပါသည်။

ကုလသမဂ္ဂအထွေထွေညီလာခံ၏ ထောက်ခံမှုဖြင့် လူ့အခွင့်အရေးကောင်စီသည် ခက်ခဲသော လုပ်ပိုင်ခွင့်ကို ဆောင်ရွက်ရန်အတွက် ယန္တရားကို ယုံကြည်စွာဖြင့် တာဝန်ပေးထားသည်။ (၂၀၁၁) နောက်ပိုင်းဖြစ်ပွားခဲ့သည့် လေးနက်သော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများနှင့်ဆိုင်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး၊ ၎င်းရာဇဝတ်မှုများအတွက် တရားစီရင်ခွင့်ရှိသည့် သို့မဟုတ်၊ ရှိလာနိုင်သည့် နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့်၊ နိုင်ငံတကာအဆင့် တရားရုံးများတွင် ပြစ်မှုကျူးလွန်သူ တစ်ဦးချင်းစီကို တရားမျှတစွာ၊ အဂတိကင်းရှင်းစွာဖြင့် ရာဇ၀တ်မှုကြောင်း ဆိုင်ရာ ရုံးတင်စစ်ဆေးနိုင်ရန်အတွက် အမှုတွဲပြင်ဆင်ပေးခြင်းတို့ကို ယန္တရားမှ ဆောင်ရွက်ပါသည်။

(၂၀၁၉)ခုနှစ်၊ သြဂုတ်လကုန်ပိုင်းတွင် ယန္တရား၏လုပ်ငန်းများ စတင်ခဲ့သည်။ အလုပ်အဖွဲ့များ စုစည်းနေဆဲ၊ လိုအပ်သည့် ကျွမ်းကျင်မှုများ ဖြည့်ဆည်းဆဲဖြစ်သည်။ ကြီးမားသည့် လုပ်ပိုင်ခွင့်ကို ကျေပွန်အောင် ဆောင်ရွက်မည့် လမ်းတစ်လျှောက်တွင် အခက်အခဲများစွာ ရှိနေသော်လည်း၊ ယန္တရားသည် လုပ်ငန်းတာဝန်များကို အပြည့်အ၀ တာဝန်ယူဆောင်ရွက်နေပါသည်။ ကပ်ဘေးကျနေ သော်လည်း လုပ်ငန်းများ အရှိန်မပျက် ဆက်လက်ဆောင်ရွက်နေပါသည်။ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများကို အနီးကပ်စောင့်ကြည့်နေပြီး၊ နိုင်ငံတွင်း ဖြစ်ပွားသည်ဟု ယူဆရသည့် နိုင်ငံတကာရာဇဝတ်မှုများနှင့်ဆိုင်ပြီး အမှန်တရားပေါ်ပေါက်ရေးအတွက် အထောက်အကူ ဖြစ်စေမည့် သက်သေအထောက်အထားများကို ရှာဖွေ၊ စုဆောင်းပြီး၊ စနစ်တကျ ပြုစုလျက်ရှိပါသည်။

နိုင်ငံတကာ ရာဇဝတ်မှုများနှင့်ပတ်သက်ပြီး၊ တရားရုံးများ နှင့် ခုံရုံးများ၏ အတိတ်အတွေ့အကြုံများ အရ စုံစမ်းစစ်ဆေးမှုများသည် ရှုပ်ထွေးသည်။ ရုံးတင်စွပ်စွဲနိုင်သည်အထိ ခိုင်မာသည့် အမှုတခု တည်ဆောက်ရန် အချိန်ယူရသည်။ အောင်မြင်သည့် စုံစမ်းစစ်ဆေးမှု ဖြစ်စေရန်အတွက် ရာဇ၀တ်မှုများအကြောင်း သိရှိထားသူ၏ သက်သေခံချက်များရရန် အပတ်တကုတ် အားထုတ် ကြိုးပမ်းဆောင်ရွက်ရသည်။ အထူးသဖြင့် အစီအစဉ်ချခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် အမိန့်ပေးခြင်း တို့နှင့်ဆိုင်သည့် သက်သေအထောက်အထားများရရှိရန် အလွန်အားစိုက်ရသည်။ သက်သေ၏ ထွက်ဆိုချက်နှင့်ညီပြီး အတည်ပြုပေးနိုင်သည့် စာရွက်စာတမ်းများ သို့မဟုတ်၊ မှုခင်းစစ်ဆေးမှု ဆိုင်ရာ သက်သေ အထောက်အထားများ ရရှိရန် အလွန်ခက်ခဲသည်။ သို့သော်လည်း အချိန်ကာလ တစ်ခုအရောက်တွင်၊ ပြစ်မှုကျူးလွန်သူများသည် ၎င်းတို့၏ ပြစ်မှုများအတွက် ပြန်လည် ပေးဆပ်ရကြောင်းကို နိုင်ငံတကာ တရားရေးစနစ်က ပြသလျက်ရှိသည်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများအတွက် တာဝန်ခံမှုပေါ်ပေါက်မှုမရှိပဲ ကုန်သွားသည့် တစ်ရက်စီ တိုင်းသည် မိမိဇာတိမြေကို စွန့်ခွာလျက် မြန်မာပြည်တွင်းတွင်နေရသည့် နေရပ်စွန့်ခွာရသူများ၊ မြန်မာနိုင်ငံပြင်ပ ယာယီ ဒုက္ခသည်စခန်းများတွင် သောင်တင်နေသည့် သိန်းချီသော ဒုက္ခသည်များ၊ သားကောင်ဖြစ်ခဲ့ရသူအများအပြား သို့မဟုတ်၊ မိသားစုဝင်များ ဆုံးရှုံးခဲ့ရသူများအတွက် နစ်နာမှုများ တိုးလာစေမည်ဖြစ်သည်။ ပြည်တွင်းနေရပ်စွန့်ခွာရသူများနှင့် ဒုက္ခသည်များ၏ မြန်မာနိုင်ငံတွင်းရှိ ဇာတိရပ်ရွာများသို့ ဆန္ဒအလျောက်နေရပ်ပြန်နိုင်ရန်၊ ရေရှည်ပြန်လည်အခြေချနိုင်မည့် အပြန်လမ်း ဖြစ်ရန်မှာ နေရပ်ပြန်ရသည့် အခြေအနေများပေါ်တွင် မူတည်သည်။ နေရပ်စွန့်ခွာမှုကိုဖြစ်စေသည့် ရာဇဝတ်မှုများအတွက် တာဝန်အရှိဆုံးသော ပုဂ္ဂိုလ်များသည် ၎င်းတို့၏ လုပ်ရပ်အတွက် တာဝန်ခံရမှု ရှိမရှိ အခြေအနေများ ပေါ်တွင် မူတည်သည်။ လေးနက်သည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သူများသည် ၎င်းတို့ကို ထပ်မံ၍ ဒုက္ခပေးနိုင်သည့် နည်းလမ်း သို့မဟုတ်၊ အာဏာရှိနေဆဲအခြေအနေတွင် နေရပ်ပြန်မည့်သူ အနည်းငယ်သာရှိမည် ဖြစ်သည်။

ယန္တရားသည် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများကို အကူအညီပေးရန် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြည်တွင်းပဋိပက္ခများကြောင့် အရပ်သားများ အများဆုံးနစ်နာရသည့် အစဉ်အလာ သမိုင်းရှိသည်။ လေးနက်သည့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများကို စုံစမ်းရာတွင် အတွေ့အကြုံရှိသည့်၊ ကျွမ်းကျင်သော နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ကျူးလွန်သူများ ပြစ်ဒဏ်မခံရပဲ ကင်းလွတ်ခွင့်ရနေသည့် သံသရာကို အဆုံးသတ်ရန် အထောက်အကူ ပေးနိုင်မည်ဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်က “လွတ်လပ်မှု၊ တရားမျှတမှု၊ ကမ္ဘာ့ငြိမ်းချမ်းရေးတို့ရရှိရန်မှာ အခွင့်အရေးများ၊ လွတ်လပ်ခွင့်များကို နိုင်ငံတကာမှ မြှင့်တင်ပေးသည့်အခါ၊ အကာအကွယ်ပေးသည့်အခါမှသာ ရရှိနိုင်သည်” ဟုပြောခဲ့သည်။

ယန္တရားသည် အမှန်တရားကို ဖော်ထုတ်သည်။ ဖုံးကွယ်ရန်မရှိသူများက ကြောက်စရာမလိုပါ။ လူ့အခွင့်အရေးကောင်စီသည် မြန်မာ့အစိုးရနှင့် အခြားနိုင်ငံများကို ယန္တရားနှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းထားသည်။ မြန်မာနိုင်ငံတွင်းမှ ရိုဟင်ဂျာမှုဆလင်များနှင့် အခြားနစ်နာရသူများနှင့် ပတ်သက်ပြီး စွပ်စွဲခံရသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်ပြီး၊ သီးသန့်လွတ်လပ်သော စုံစမ်းစစ်ဆေးမှုကို အပြည့်အ၀ဆောင်ရွက်ရန် နှင့် နိုင်ငံတကာ ဥပဒေချိုးဖောက်ရာတွင် တာဝန်ရှိသူများကို တာဝန်ခံစေရန်၊ မြန်မာနိုင်ငံအာဏာပိုင်များမှ ဆောင်ရွက်ရန်လည်း အထွေထွေညီလာခံမှ တောင်းဆိုထားသည်။ ထိုကဲ့သို့သော ရာဇဝတ်မှုများကို ဆက်လက်ကင်းလွတ်ခွင့်ပေးနေပါက၊ အကြမ်းဖက်မှုများ၊ နစ်နာခံစားရမှုများကိုသာ ဆက်လက် ဖြစ်ပွားစေမည်။

မြန်မာနိုင်ငံတွင်းတွင်လည်း နေရပ်စွန့်ခွာမှုများကို ဆက်လက်ဖြစ်ပွားစေမည် ဖြစ်သကဲ့သို့၊ အိမ်နီးချင်းနိုင်ငံများတွင် ခိုလှုံရသည့် ဒုက္ခသည်များပို၍ များလာမည်ဖြစ်ပြီး၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက်လည်း ဆိုးကျိုးများ ဖြစ်ပေါ်စေမည်ဖြစ်သည်။ ဖွံ့ဖြိုးရေးနှင့် များပြားလှသည့် သယံဇာတများမှ အကျိုးအမြတ်များကို ပြည်သူများ အားလုံးမျှဝေခံစားနိုင်သည့် မြန်မာနိုင်ငံမှ ပြည်သူများ၏ ငြိမ်းချမ်း၊ ကြွယ်ဝသည့် အနာဂတ် ဖြစ်ပေါ်လာရန်မှာ ၎င်းကဲ့သို့သော ရာဇဝတ်မှုများကို အလွတ်မပေးပဲအရေးယူသည်ဟု ပြတ်ပြတ်သားသား ကိုင်တွယ်ပြသမှုပေါ်တွင် မူတည်နေသည်။

ဤ ဆောင်းပါးကို ဘန်ကောက်ပိုစ့်တွင် စတင် ဖော်ပြခဲ့ပါသည်။