Select Page

(၂၀၂၁) ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်

လေးစားရသည့် ဥက္ကဌကြီးနှင့်

ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျား …

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား၏ တတိယ နှစ်ပတ်လည် အစီရင်ခံစာကို လူ့အခွင့်အရေးကောင်စီသို့ အခုလို တင်သွင်းရတာကို ဂုဏ်ယူမိပါသည်။

ဤလူ့အခွင့်အရေးကောင်စီက အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်နှင့်အညီ ယန္တရားသည် ၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် ကျူးလွန်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများနှင့် အကြီးလေးဆုံးသော နိုင်ငံတကာ ရာဇဝတ်မှုများအတွက် သက်သေအထောက်အထားများကို ပြုစု စုဆောင်းခြင်း၊ စုစည်းခြင်း၊ ထိန်းသိမ်းခြင်း၊ ပိုင်းခြားစိတ်ဖြာ လေ့လာခြင်း၊ တာဝန်ရှိသည့် ပုဂ္ဂိုလ်များ၏ ရာဇဝတ်ပြစ်မှုမြောက်သည့် လုပ်ရပ်များကို ပစ်မှတ်ထားသည့် အမှုတွဲများကို ပြင်ဆင်ခြင်းများကို ဆက်လက် လုပ်ဆောင်လျက်ရှိပါသည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် ကြီးလေးသော ရာဇဝတ်မှုကြီးများနှင့် နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများ ဆက်လက် ကျူးလွန်နေပါသည်။ သမိုင်းကြောင်း အဆက်ဆက် ရာဇဝတ်မှုကျူးလွန်သူများကို အရေးမယူခဲ့ခြင်းက ပြည်သူများ၏ နေ့တဓူဝဘဝများကို ဆက်လက်ရိုက်ခတ်နေပါသည်။ မတူကွဲပြားသော အရပ်ဒေသပေါင်းစုံနှင့် တိုင်းရင်းသားလူမျိုးစုပေါင်းစုံမှ အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များသည် ဤဒုက္ခများကို ဆက်လက် ခံစားနေကြရပါသည်။ ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ် စစ်တပ်၏ နယ်‌မြေရှင်းလင်းစစ်ဆင်ရေးများစတင်ပြီး လေးနှစ်ကြာလာချိန်အထိ သိန်းနှင့်ချီသည့် ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင် ယာယီအမိုးအကာများနှင့် နေထိုင်နေရဆဲဖြစ်ပြီး မီးရှို့ခံခဲ့ရ၊ ဘူဒိုဇာနှင့် ထိုးပြီးဖျက်ဆီးခံရသည့် ၎င်းတို့၏ အိမ်တွေကို ပြန်နိုင်နိုးနိုး မျှော်လင့်ချက်နှင့် ၎င်းတို့၏ ဘဝတွေ‌ ရှေ့မဆက်နိုင် ဖြစ်နေပါသည်။ စစ်တပ်အာဏာသိမ်းပြီးကတည်းက ဒေသအသီးသီးမှ ထောင်ပေါင်းများစွာသော မြန်မာြပည်သူများသည် ကိုယ့်ရပ်ကိုယ့်ရွာကို စွန့်ခွာထွက်ပြေးခဲ့ရသည့်အတွက် တိုင်းပြည်၏ စီးပွားရေး ထိခိုက်ပျက်စီးခဲ့သလို အိမ်နီးချင်းနိုင်ငံများ၏ သယံဇာတများကိုလည်း ထိခိုက်စေခဲ့ပါသည်။ ဤအတွက်ကြောင့် ရာဇဝတ်မှုကျူးလွန်သူမျာကို အရေးမယူနိုင်သည့် အခြေအနေကို အဆုံးသတ်ဖို့၊ အကြမ်းဖက်မှု သံသရာကို အဆုံးသတ်ဖို့ အရင်ကထက် ပို၍တောင် လိုအပ်နေပါသည်။

ယနေ့ထိ အာဏာသိမ်းမှုနောက်ပိုင်း အဖြစ်အပျက်များနှင့်ဆိုင်သည့် သတင်းအချက်အလက် ပစ္စည်းအမျိုးပေါင်း ၂၁၉ ၀၀၀ ကျော်ကို ယန္တရားအနေဖြင့် လက်ဝယ် စုဆောင်းထားပါသည်။ ကျန်ုပ်တို့၏ ကနဦး လေ့လာဆန်းစစ်ချက်များအရ ဤရာဇဝတ်မှု ကျူးလွန်မှုများကို နေရာအနှံ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိခဲ့ရသလို စနစ်တကျ အစီအစဥ်ချ ကျူးလွန်လုပ်ဆောင်ခဲ့သည်ကိုလည်း ပြသနေပါသည်။ ကနဦးရရှိထားသော အထောက်အထားများအရ ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ မန္တလေး၊ မကွေးနှင့် စစ်ကိုင်း‌ အပါအဝင် မြန်မာနိုင်ငံ တနံတလျားတွင် လူတထောင်ခန့် သေဆုံးခဲ့သည်ကို ပြသနေပါသည်။ လုံခြုံရေးတပ်ဖွဲ့၀င်များသည် ဂျာနယ်လစ်များ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကဲ့သို့ သီးသန့်လူတန်းစားတရပ်ကို စနစ်တကျ ပစ်မှတ်ထားပြီး နေရာဒေသအသီးသီးတွင် စနစ်တကျ ညှိနှိုင်း ကျူးလွန်ခဲ့သည်ကို သက်သေအထောက်အထားများက ပြသနေပါသည်။ လူထောင်ပေါင်းများစွာလည်း ဥပဒေဘောင်တွင်းမှ မဟုတ်ပဲ မတရား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါသည်။

အပြည်ပြည်ဆိုင်ရာဥပဒေအရ သတ်ဖြတ်မှု၊ မထင်ရင် မထင်သလို ဖမ်းဆီးချုပ်နှောင်မှုများကို အရပ်သားများအား ကျယ်ကျယ်ပြန့်ပြန့် သို့မဟုတ် စနစ်တကျတိုက်ခိုက်မှု၏ အစိတ်အပိုင်းတခုအဖြစ် ကျူးလွန်သည့်အခါ ယင်းရာဇဝတ်မှုများကို လူသားမျိုးနွယ်ပေါ်ကျူးလွန်သော ရာဇဝတ်မှုများအဖြစ် သတ်မှတ်ပြီး ဤရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးမှုသည် ယန္တရား၏ လုပ်ပိုင်ခွင့်အတွင်း ကျရောက်နေပါသည်။ ဤအတွက်ကြောင့် ယန္တရားသည် အဆိုပါဖြစ်ရပ်များနှင့်ဆိုင်သည့် ရရှိနိုင်သမျှ အထောက်အထားများကို မှန်မမှန်အတည်ပြုရန်နှင့် ပိုင်းခြားစိတ်ဖြာရန် လုပ်ဆောင်နေပြီး ဖြစ်နိုင်လျင် ရာဇဝတ်မှုအတွက် တာဝန်ရှိသည့် ပုဂ္ဂိုလ်များကို ဖော်ထုတ်နိုင်ရန် ကြိုးစားနေပါသည်။

ဥက္ကဌကြီးခင်ဗျာ

ပြီးခဲ့သည့်နှစ်တွင် ယန္တရားသည်

  • • လုံခြုံ ခေတ်မီသော သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ်ကို တည်ဆောက်ခြင်း
  • • အဓိက သက်ဆိုင်သူများထံ ကမ်းလင့်ဆက်သွယ်ခြင်း
  • • နယ်ပယ်ပေါင်းစုံမှ ကျွမ်းကျင်မှုမျိုးစုံနှင့် အရည်အချင်း ပြည့်မှီသော ဝန်ထမ်းများအား ‌ရွေးချယ်ခန့်အပ်ခြင်း
  • • သတင်းအချက်အလက်ပေါင်း ၁.၄ သန်းကျော်ကို ပြုစု စုဆောင်းပြီး စီမံဆောင်ရွက်ခြင်း များကို လုပ်ဆောင်နိုင်ခဲ့ပါသည်။

ကျန်ုပ်တို့၏ လုပ်ကိုင်နိုင်စွမ်း အထူးသဖြင့် ပြင်ပတွင် အလွယ်တကူ ရရှိနိုင်သော သတင်းအချက်အလက်များ၊ ငွေကြေးသတင်းအချက်အလက်များကို လေ့လာဆန်းစစ်သည့် အပိုင်းတွင် လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ရန် နောက်ထပ် ရင်းမြစ်များကို အသုံးချရန် ပြင်ဆင်လျက်ရှိပါသည်။ မြန်မာနိုင်ငံ အာဏာပိုင်များက ရာဇ၀တ်မှု ကျူးလွန်သည့် နေရာများကို သွားရောက်ခွင့်မပြု၊ မျက်မြင်သက်သေများနှင့် တွေ့ဆုံခွင့် ပိတ်ပင်ထားသည့်အတွက် အလွန်အရေးကြီးသည်ဟု ကျန်ုပ်တို့ ယူဆသော သက်သေအထောက်အထားများကို စုဆောင်းရန်အတွက် ဆန်းသစ်ပြီး ရှုပ်ထွေးဆန်းကြယ်သည့် နည်းဗျူဟာများကို ရှာကြံ ဖော်ဆောင်လျက် ရှိပါသည်။

ယန္တရားသည် သီးခြားလွတ်လပ်မှု၊ ဘက်မလိုက် သမာသမတ်ရှိမှု စသည့် အခြေခံမူများကို သေချာကြပ်မတ် ထိန်းသိမ်း ကာကွယ်သွားရန် စိတ်ပိုင်းဖြတ်ထားပါသည်။ ရာဇ၀တ်မှု ချိုးဖောက်သူပဲဖြစ်ဖြစ်၊ ခံရသူပဲ ဖြစ်ဖြစ် ၎င်းတို့၏ လူမျိုး၊ တိုင်းရင်းသားမျိုးနွယ်စု၊ ကိုးကွယ်ယုံကြည်မှု၊ နိုင်ငံ‌ရေးခံယူချက် မည်သို့ရှိရှိ ရာဇ၀တ်မှုအတွက် တာ၀န်ခံမှု ရှိစေရန် ကျန်ုပ်တို့ ကြိုးပမ်း လုပ်ဆောင်နေပါသည်။

လိင်နှင့် ဂျင်ဒါအခြေခံသည့် အကြမ်းဖက် ရာဇ၀တ်မှုများ၊ ကလေးသူငယ်များပေါ် ကျူးလွန်သည့် ရာဇ၀တ်များနှင့်ဆိုင်သည့် စုံစမ်းစစ်ဆေးမှုများကို ကျန်ုပ်တို့ အထူးအာရုံစိုက်ပြီး လုပ်ဆောင်နေပါသည်။ အဘယ်ကြောင့်ဆိုသော် ယင်းရာဇ၀တ်မှုများ ကျူးလွန်မှုကို ပဋိပက္ခ ဖြစ်ပွားသည့် နေရာများတွင် မကြာခဏ တွေ့ရတတ်သလို ယင်းရာဇဝတ်မှုများသည် လူ့အဖွဲ့အစည်းကို ကြီးကြီးမားမား ထိခိုက်စေသည့် ရာဇ၀တ်မှုများ ဖြစ်သော်လည်း ရာဇ၀တ် တရားစီရင်ရေး စနစ်များတွင် ၎င်းတို့ကို တိုင်ကြားမှု နည်းသလို တရားစွဲဆိုမှုလည်း တကယ်ဖြစ်သည့် အရေအတွက်လောက် တရားစွဲဆိုနိုင်ခြင်း မရှိသည့်အတွက် ဖြစ်ပါသည်။ အဆိုပါ ရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးရန်အတွက် အထူးကျွမ်းကျင်မှု၊ နစ်နာခဲ့သူများ၏ လိုအပ်ချက်ကို အထူးနားလည်ပေးနိုင်စွမ်းရှိမှုများ လိုအပ်သည့်အလျောက် အဆိုပါ စွမ်းဆောင်ရည်များကို တည်ဆောက်ရန် သံဓိဌာန်ဖြင့် ကျန်ုပ်တို့၏ ၀န်ထမ်း ရွေးချယ်မှု၊ လေ့ကျင့်သင်ကြားပေးမှု ပေါ်လစီကို ချမှတ် ကျင့်သုံးလျက် ရှိပါသည်။

ရာဇ၀တ်မှု ကျူးလွန်ခံရသူများ၊ မျက်မြင်သက်သေများ၊ သတင်းအချက်အလက် ပေးပို့သူများ၏ လုံခြုံရေး၊ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးကိစ္စများကို လျှို့၀ှက်ပိုင်ခွင့်များကို ထိန်းသိမ်းကာကွယ်ရန် ကျန်ုပ်တို့ လုပ်ငန်းလျှို့၀ှက်မှုကို အလေးထားခြင်း၊ သတင်းအချက်အလက် လုံခြုံမှုရှိစေရန် ကြပ်မတ်ဆောင်ရွက်ခြင်း၊ ကျန်ုပ်တို့နှင့် ဆက်သွယ်သည့် ပုဂ္ဂိုလ်များအား ၎င်းတို့ ကျန်ုပ်တို့အား ပေးပို့လာသည့် သတင်းအချက်အလက်များကို မည်သို့မည်ပုံ အသုံးပြုမည်ကို သေချာရှင်းပြပြီးမှ ၎င်းတို့၏ သဘောတူညီချက်ကို ရယူခြင်းဖြင့် အမြဲတစေ ကြိုးပမ်းလျက်ရှိပါသည်။

ကျန်ုပ်တို၏ လုပ်ပိုင်ခွင့်မှာ နိုင်ငံတွင်း၊ ဒေသတွင်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာ တရားရုံးများတွင် ရာဇဝတ်ကြောင်းဖြင့် တရားစွဲဆိုရာ၌ အသုံးပြုနိုင်မည့် သက်သေအထောက်အထားများကို ပြုစု စုဆောင်းခြင်း၊ အမှုတွဲများ တည်ဆောက်ခြင်းတို့ ဖြစ်ပါသည်။ ကြီးလေးသည့် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုကြီးများ၏ အမှုတွဲများ တည်ဆောက်သည့် လုပ်ငန်းသည် ရှုပ်ထွေးသိမ်မွေ့ပြီး အချိန်ယူ လုပ်ဆောင်ရသည့်လုပ်ငန်း ဖြစ်ပါသည်။ ရာဇ၀တ်ပြစ်မှုအတွက် အပြစ်ရှိကြောင်း ပြသရာတွင် မရှိမဖြစ်လိုအပ်သည့် မြင့်မားသည့် စံနှုန်းများနှင့် ကိုက်ညီမှုရှိအောင် လုပ်ဆောင်ရန် လိုအပ်ပါသည်။ ယန္တရားသည် တရားရုံး မဟုတ်သည့်အတွက် ရာဇ၀တ်မှုများအတွက် တာ၀န်ခံမှု ရှိစေရန် ကြိုးပမ်းမှုသည် ရာဇ၀တ်မှု ကျူးလွန်ဖောက်ဖျက်သူများ တရားနည်းလမ်းကျစွာ ပြစ်ဒဏ်ကျခံရစေရန် ဆောင်ရွက်လိုစိတ်နှင့် ဆောင်ရွက်နိုင်စွမ်းရှိပြီး လုပ်ရည်ကိုင်ရည်ရှိသည့် အာဏာပိုင်အဖွဲ့အစည်းများနှင့် ဆက်သွယ်နိုင်မှုပေါ် မူတည်ပါသည်။ ယင်းသို့ ဆက်သွယ်နိုင်သည့်အခါ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ် ခုံရုံး၊ အပြည်ပြည်ဆိုင်ရာ တရားမျှတမှု ခုံရုံးတို့၏ တရားစွဲဆိုမှုများတွင် အသုံးပြုနိုင်ရန် စတင် မျှဝေလုပ်ဆောင်နေသလို ကျန်ုပ်တို့၏ သက်သေ အထောက်အထားများကို မျှ‌‌ဝေသွားပါမည်။

ဥက္ကဌကြီးခင်ဗျာ

သက်သေအထောက်အထား ပြုစုစုဆောင်းခြင်း၊ မှန်ကန်မှု ရှိစေရန် လေ့လာဆန်းစစ်ခြင်း စသည့် ယန္တရား၏ ကြိုးပမ်းမှုများတွင် ကူညီခဲ့သူအားလုံးကို နစ်နာခဲ့သူများ၊ လွတ်မြောက်လာသည့် အစုအဖွဲ့များ၊ လူမှု အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ရဲရင့်သော တသီးပုဂ္ဂလများ အပါအဝင် အားလုံးကို ကျေးဇူးအထူး တင်ရှိကြောင်း ပြောကြားလိုပါသည်။ မြန်မာနိုင်ငံမှ နစ်နာခဲ့သူများ အားလုံးအတွက် တရားမျှတမှု တနေ့နေ့တွင် ရရှိစေရန်၊ အဆိုပါရာဇ၀တ်မှုများကို ကျူးလွန်သူများအား အရေးမယူနိုင်သည့် ဖြစ်ရပ်မျိုးကို လက်ခံမည် မဟုတ်သည်ကို အားလုံး သိရှိစေရန် အကြီးလေးဆုံး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုအတွက် သက်သေအထောက်အထားများကို ပြုစုစုဆောင်းမှုကို လူ့အခွင့်အရေး ကောင်စီ၏ ကူညီထောက်ပံ့မှုဖြင့် ဆက်လက် လုပ်ဆောင်သွားပါမည်။