Select Page

စိစစ်သုံးသပ်ချက် အစီရင်ခံစာများ

ယန္တရားသည် အမှုစစ်ဆေးစီရင်မှုနှင့် တရားစွဲဆိုမှု လုပ်ဆောင်နိုင်သည့် တရားရေးအာဏာပိုင်များအတွက်ပြုစု ထားသော အစီရင်ခံစာများကို ခြွင်းချက်အနေဖြင့် အများပြည်သူဖတ်ရှုနိုင်ရန် ထုတ်ပြန်လိုက်သည်။ ယန္တရားက စုဆောင်းပြီး စိစစ်သုံးသပ်ထားသော အချက်အလက်အများစုကိုမူ ဆက်လက်ပြီး လျှို့ဝှက်စွာထားရှိသည်။ အနာဂတ်စုံစမ်းစစ်ဆေးရေးအခွင့်အလမ်းများကို ထိန်းသိမ်းရန်အတွက် နောက်ဆက်တွဲအချက်အလက်များ အပါအဝင် အချက်အလက်တချို့ကို အစီရင်ခံစာများမှ ဖယ်ရှားထားသည်။ ထို့အပြင် ကျူးလွန်သူများက အထောက်အထားများကို ဖျက်ဆီးရန် သို့မဟုတ် ဖုံးကွယ်ရန် အထောက်အကူဖြစ်စေနိုင်မည့် အချက်အလက်များကိုလည်း ဖယ်ရှားထားပြီး၊ သက်သေများ၊ ရင်းမြစ်များနှင့် လူပုဂ္ဂိုလ်များ၏ လုံခြုံရေးနှင့် ပုဂ္ဂိုလ်ရေးရာအချက်အလက်များကိုလည်း ကာကွယ်ထားသည်။

အောက်ပါ စိစစ်သုံးသပ်ချက်အစီရင်ခံစာများကို မတ်လ ၂၇ ရက် ၂၀၂၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက် အပြည့်အစုံကို ဖတ်ရှုပါ။

FACEBOOK ရှိ ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားများနှင့်ပတ်သက်သည့် အကြောင်းအရာနှင့် ကွန်ရက် ချိတ်ဆက်မှု စိစစ်သုံးသပ်ချက်

ဤအစီရင်ခံစာတွင် ၂၀၁၇ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း ဖေ့စ်ဘုတ်စာမျက်နှာပေါင်း (၄၃) မျက်နှာတွင် ရေးသားထားသော အကြောင်းအရာများကို စိစစ်သုံးသပ်ထားသည်။ ထိုစာမျက်နှာများအားလုံးကို ၂၀၁၈ ခုနှစ်တွင် ဖေ့စ်ဘုတ်က ဖြုတ်ချပြီးဖြစ်သည်။ ထိုဖေ့စ်ဘုတ်စာမျက်နှာများသည် တစ်ခုနှင့်တစ်ခု မသက်ဆိုင်သည့် အသွင်ဆောင်ကာ တချို့စာမျက်နှာများသည် ကျော်ကြားသူတို့၏သတင်းများ၊ လူကြိုက်များအကြောင်းအရာများကို ပုံမှန်ဖော်ပြနေသော်လည်း နောက်ကွယ်တွင် ယင်းတို့သည် မြန်မာစစ်တပ်နှင့် တိတိပပချိတ်ဆက်နေသည့် ကွန်ရက်တစ်ခု၏ တစိတ်တပိုင်းဖြစ်ကြောင်း ယန္တရားက သုံးသပ်တွေ့ရှိသည်။ ယန္တရားက အမုန်းစကားဟု သတ်မှတ်သည့် ပို့စ်ပေါင်း ၁၀၀၀၀ ကျော်ကို ဤစာမျက်နှာများတွင် တွေ့ရှိရကြောင်း အစီရင်ခံစာက ထုတ်ဖော်သည်။ ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသည့် တချိန်တည်းမှာပင် မြန်မာစစ်တပ်က အမုန်းစကားဖြန့်ဝေသည့်လှုပ်ရှားမှုများကို အချိန်ကိုက်ညှိနှိုင်းလုပ်ဆောင်ခဲ့ကြောင်း အစီရင်ခံစာတွင် ကောက်ချက်ချသည်။

အနှစ်ချုပ်

တည်းဖြတ်ထားသော အစီရင်ခံစာ

ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် လိင်နှင့်ဂျင်ဒါအခြေပြု ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန်နှင့် အပြစ်ပေး အရေးယူရန် ကြိုးပမ်းမှုနှင့်သက်ဆိုင်သည့် သက်သေအထောက်အထား စိစစ်သုံးသပ်ချက်

၂၀၁၆ နှင့် ၂၀၁၇ ခုနှစ် ရှင်းလင်းစစ်ဆင်ရေးအတွင်း၊ ရိုဟင်ဂျာများကို လိင်နှင့်ဂျင်ဒါအခြေပြု ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သည်ဆိုသော စွပ်စွဲချက်များနှင့်ပတ်သက်ပြီး မြန်မာအစိုးရအာဏာပိုင်များ၏ တုံ့ပြန်ဆောင်ရွက်ပုံကို ဤအစီရင်ခံစာတွင် စိစစ်သုံးသပ်သည်။ ရှင်းလင်းစစ်ဆင်ရေးများအတွင်း ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး လူထုထံထုတ်ပြန်ထားသည့် အကြောင်းအရာမျိုးစုံကို အစီရင်ခံစာတွင် အကျဉ်းချုပ်ဖော်ပြသည်။ ထိုအကြောင်းအရာများတွင် မီဒီယာများ၏ တင်ပြချက်များ၊ NGO များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများက ထုတ်ပြန်ထားသောအစီရင်ခံစာများ အပါအဝင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆွေးနွေးချက်များနှင့် နိုင်ငံတကာရာဇ၀တ်ခုံရုံး၏ တရားခွင်အကြိုတရားရုံးမှ စစ်ဆေးတွေ့ရှိချက်များ ပါဝင်သည်။ မြန်မာအာဏာပိုင်များသည် ကြီးလေးသောစွပ်စွဲချက်များရှိနေသည်ကို သိရှိနှင့်ပြီးဖြစ်ကြောင်း တွေ့ရှိချက်များက ညွှန်ပြသည်။ ထို့နောက် ဤရာဇဝတ်မှုစွပ်စွဲချက်များအတွက် မြန်မာအစိုးရအာဏာပိုင်များ၏ တုံ့ပြန်ဆောင်ရွက်မှုနှင့် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို ဆန်းစစ်ပြီး၊ ထိုလုပ်ဆောင်မှုများသည် ဘာကြောင့် အလွန်အမင်း ချွတ်ယွင်းအားနည်းနေကြောင်းကို အစီရင်ခံစာတွင် ရှင်းပြသည်။ ကျူးလွန်ခဲ့သော လိင်ပိုင်းဆိုင်ရာနှင့် ဂျင်ဒါအခြေပြုရာဇဝတ်မှုများအတွက် စစ်သား သို့မဟုတ် ရဲအရာရှိ တစ်ဦးဦးအား တရားစွဲအရေးယူခဲ့ခြင်း၊ ရာဇဝတ်မှုများကို တားဆီးအပြစ်ပေးရန်ပျက်ကွက်ခြင်းအတွက် တာဝန်ရှိတပ်မှူးတစ်ဦးဦးကို ထုတ်ပယ်ခြင်း၊ ရာထူးမှ လျော့ချခြင်း၊ ဒဏ်ခတ်အရေးယူခြင်း လုပ်ဆောင်ခဲ့သည့် အထောက်အထားများမရှိကြောင်းကို အစီရင်ခံစာတွင် ဖော်ပြသည်။

အနှစ်ချုပ်

တည်းဖြတ်ထားသော အစီရင်ခံစာ