Select Page

မြန်မာနိုင်ငံဆိုင်ရာ ယန္တရားသည် (၂၀၁၉)ခုနှစ်၊ သြဂုတ်လအကုန်မှစ၍ လုပ်ငန်းလည်ပတ်ခဲ့သည်မှာ တစ်နှစ်မပြည့်တပြည့် ရှိပြီဖြစ်သည်။ ယန္တရား၏ အကြီးအကဲအဖြစ် နီကိုလတ်စ်ခွန်ဂျန်ကို (၂၀၁၉)ခုနှစ်၊ ဇူလိုင်လတွင် ခန့်အပ်ခဲ့ပြီးနောက်တွင် လုပ်ငန်းစတင်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစပြီး၊ ယန္တရားသည် ၎င်း၏လုပ်ပိုင်ခွင့်ဖြစ်သော (၂၀၁၁) နောက်ပိုင်းဖြစ်ပေါ်ခဲ့သည့် အလေးနက်ဆုံးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများနှင့် နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများ စုံစမ်းခြင်းလုပ်ငန်းကို ဖြည့်စွမ်းနိုင်ရန်အတွက် အရေးကြီးသည့် ပဏာမလုပ်ငန်းအဆင့်များကို ဆောင်ရွက်ခဲ့သည်။

ပထမအဆင့်၏ အဓိကဦးစားပေးမှာ ဝန်ထမ်းခန့်အပ်ခြင်း လုပ်ငန်းစဉ်ပင်ဖြစ်သည်။ အပြည်ပြည် ဆိုင်ရာ ရာဇဝတ်မှုဥပဒေ၊ လူ့အခွင့်အရေး ဥပဒေ၊ လူသားချင်းစာနာထောက်ထားမှုဥပဒေ၊ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးနှင့် တရားစွဲဆိုမှုဆိုင်ရာ ကျွမ်းကျင်သူများကို ယန္တရားမှ ရာထူးခန့်အပ်ထားပြီး ဖြစ်သည်။ ယန္တရားရှိ ရှေ့နေများစွာတွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာ ခုံရုံးအမျိုးမျိုးတွင် နှစ်ပေါင်းများစွာလုပ်ခဲ့သော လုပ်ငန်းအတွေ့အကြုံများ ရှိထားကြသည်။ နယ်ပယ် အသီးသီးအတွက် ဝန်ထမ်းအပြင် လိင်ပိုင်းဆိုင်ရာ၊ ကျားမအခြေပြု ရာဇ၀တ်မှုများနှင့် ကလေးများ အပေါ်ကျူးလွန်သော ရာဇ၀တ်မှုများဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ စစ်ဘက်ဆိုင်ရာ ခွဲခြမ်း စိတ်ဖြာတတ်သူများနှင့် သက်သေအထောက်အထား စီမံမှုဆိုင်ရာ ကျွမ်းကျင်သူများကို ခန့်အပ်ထားပြီး ဖြစ်သည်။ ယန္တရား၏ ဝန်ထမ်းများသည် ဂျီနီဗာတွင် အခြေစိုက်ပြီး၊ အာရှဒေသသို့ ပုံမှန်သွားရောက်ကာ သက်သေများနှင့် တွေ့ဆုံခြင်း၊ အချက်အလက်များ စုဆောင်ခြင်းတို့ ပြုလုပ်ရန် စီစဉ်ထားသည်။

ယန္တရား၏ ကနဦးပိုင်း လုပ်ငန်းဆောင်ရွက်ချက်များအနက် အရေးကြီးသည့် ကဏ္ဍနောက်တစ်ခုမှာ လျှို့ဝှက်အချက်အလက်များ မပေါက်ကြားစေရန် သမာဓိနှင့် လုံခြုံရေးကို အသေအချာအလေး ထားပြီး၊ အထောက်အထားများကို ထိန်းသိမ်းခြင်းနှင့် စိစစ်သုံးသပ်ခြင်း ပြုလုပ်နိုင်ရန် အဆင့်မြင့်ဆုံး နောက်ဆုံးပေါ် အချက်အလက်နည်းပညာစနစ်ကို တည်ဆောက်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော အချက်အလက် ရှာဖွေရေးမစ်ရှင် (FFM) အပါအဝင်၊ ရင်းမြစ်အမျိုးမျိုးမှ ရရှိသည့် ပစ္စည်းများကို လုံခြုံစွာ သိမ်းဆည်းနိုင်ရန်အတွက် အလွန်အရေးကြီးပါသည်။

လုပ်ငန်းစတင်စဉ်ကပင်၊ ယန္တရားသည် ယခင်က ကျူးလွန်ထားသည့် ရာဇဝတ်မှုများနှင့်ဆိုင်သည့် အချက်အလက်များ၊ အထောက်အထားများကို စုဆောင်းလျက်ရှိသကဲ့သို့၊ ဆက်လက်ဖြစ်ပေါ် နေသည့် ရာဇဝတ်မှုများနှင့်ဆိုင်ပြီး၊ မြန်မာနိုင်ငံအခြေအနေကို စောင့်ကြည့်မှုများလည်း တစ်ပြိုင်တည်း ပြုလုပ်လျက်ရှိသည်။ ၎င်းလုပ်ငန်းများကိုဆောင်ရွက်နိုင်ရန် ယန္တရားသည် ကြားခံအဖွဲ့အစည်း အများအပြားနှင့် အချက်အလက်၊ အထောက်အထား စုဆောင်းမည့်ပုံစံများနှင့် ပတ်သက်ပြီး စီစဥ်ဆောင်ရွက်လျက်ရှိသည်။ ဤကြိုးပမ်းချက်များ၏ အစိတ်အပိုင်းတစ်ခုအဖြစ် (၂၀၁၉)ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် အာရှဒေသို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက် ခဲ့ပြီး၊ သက်ဆိုင်ရာ နိုင်ငံအဆင့်အာဏာပိုင်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည်။ ၎င်းခရီးစဉ်တွင် ယန္တရား၏ လုပ်ပိုင်ခွင့်၊ ပူးပေါင်းလုပ်ကိုင်နိုင်သည့် လုပ်ငန်းနယ်ပယ်များကို ဖော်ပြရှင်းလင်းခဲ့ပြီး၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရန် နှင့် ယန္တရား၏ လုပ်ငန်းများတွင် လည်ပတ်မှုဆိုင်ရာ ပံ့ပိုးကူညီမှုများရရှိနိုင်မည့် လမ်းကြောင်းများကို ရှာဖွေခဲ့သည်။

ယန္တရားသည် သက်သေခံအထောက်အထားများကို စုဆောင်းသည့် လုပ်ငန်းနှင့် တစ်ပြိုင်နက်၊ တရားရုံးများနှင့် ခုံရုံးများသို့ အချက်အလက်များ မျှဝေပေးပို့ခြင်းများကိုလည်း စတင် ဆောင်ရွက်နေသည်။ (၂၀၁၉)ခုနှစ်တွင် အချက်အလက်ရှာဖွေရေးမစ်ရှင် (FFMမှ ရရှိခဲ့သည့် အချက်အလက်များ နှင့် စာရွက်စာတမ်း အထောက်အထားများကို တရားစွဲဆိုရေး အာဏာပိုင်များ၏ တောင်းဆိုချက်အရ ထုတ်ပြန်ပေးခဲ့သည်။ ယန္တရား၏ လုပ်ပိုင်ခွင့်၊ လုပ်ငန်းတာဝန်သတ်မှတ်ချက်၊ FFMသို့ အချက်အလက်ပေးပို့ခဲ့သည့် အစုအဖွဲ့များ၏ သဘောတူညီချက်များနှင့် အညီ မျှဝေပေးခဲ့ခြင်းဖြစ်သည်။ (၂၀၂၀)ခုနှစ်တွင်လည်း ဂျန်နိုဆိုက်ခေါ် လူမျိုးပြုန်းတီးစေမှုဆိုင်ရာ ရာဇဝတ်မှုကာကွယ်ခြင်းနှင့် ပြစ်ဒဏ်ချမှတ်ခြင်းဆိုင်ရာ သဘောတူညီချက်ကို ကျင့်သုံးရန် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)တွင် လျှောက်ထားသည့် (ဂမ်ဘီယာနှင့် မြန်မာ) အမှုတွင်လည်း ၎င်းနှင့် သက်ဆိုင်သူများက အချက်အလက်များကို တောင်းဆိုလာသောကြောင့် တုံ့ပြန်ဆက်သွယ် ဆောင်ရွက်ခဲ့သည်။ သတင်းအချက်အလက်နှင့် စာရွက်စာတမ်းများ ပေးပို့ပေးသူများ၏ ခွင့်ပြုချက်ဖြင့် ယန္တရား သည် ယင်း တရားစွဲဆိုချက်များနှင့် သက်ဆိုင်သော သတင်းအချက်အလက်များကို ‌‌‌မျှ‌‌၀ေပေးသည့် လုပ်ငန်းစဥ်ကို စတင်ခဲ့ပြီ ဖြစ်သည်။

နောက်ဆုံးအနေနှင့်၊ ယန္တရားသည် (၂၀၂၁)ခုနှစ်အတွက် လုပ်ငန်းအကောင်အထည်ဖော်စရိတ်ကို တွက်ချက်နိုင်ရန်၊ ၎င်း၏စွမ်းဆောင်နိုင်မှုအတိုင်းအတာ၊ အရင်းအမြစ်များကို ဂရုတစိုက် သုံးသပ် လျက်ရှိသည်။ ယန္တရား၏ လုပ်ပိုင်ခွင့်ကို အကောင်အထည်ဖော်ရာတွင် အရင်းအမြစ်များကို မဟာဗျူဟာ၊ မျှော်မှန်းချက်များနှင့်အညီ၊ အသင့်တော်ဆုံး နေရာချထားနိုင်ရန်အတွက် ယန္တရား ဦးဆောင်သူများအနေနှင့် ၎င်းတို့၏ အစီအမံကို တင်ပြနိုင်သည့် ပထမဆုံးအခွင့်အရေး ဖြစ်သည်။ အထက်ပါ ကမ်းလှမ်းတင်ပြထားသော အသုံးစရိတ်ကို အထွေထွေညီလာခံမှ ခွင့်ပြုပေးရမည် ဖြစ်ပြီး၊ ယန္တရား၏ခေါင်းဆောင်များနှင့် ဝန်ထမ်းများတစ်ဦးမှ အလုပ်မစတင်ခင်ကာလတွင် ရေးဆွဲခဲ့သော (၂၀၁၉) နှင့် (၂၀၂၀)ခုနှစ်တို့၏ အသုံးစရိတ်များနှင့် နှိုင်းယှဉ်လျှင်၊ အပြောင်းအလဲ များစွာရှိမည်ဖြစ်သည်။ ၎င်းအပြောင်းအလဲများသည် ယန္တရား၏ ရှုပ်ထွေးလှသည့် လုပ်ပိုင်ခွင့်ကို အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသည့် လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲ အများအပြားကို ဆောင်ရွက်နိုင်ရန် အထောက်အကူဖြစ်စေမည် ဖြစ်သည်။

(၂၀၂၀)နှစ်စပိုင်းတွင် မမျှော်လင့်ဘဲ ပေါ်ပေါက်လာသည့် ကိစ္စတခုမှာ ကိုဗစ်(၁၉) ကပ်ရောဂါ ဖြစ်သည်။ ၎င်းသည် ယန္တရား၏ ကြားခံအစုအဖွဲ့များ၏ လုပ်ငန်းများကို အတားအဆီး ဖြစ်စေ ခဲ့သည်။ ယန္တရား၏ ခရီးသွားလာခွင့်ပေါ်တွင်လည်း ကန့်သတ်မှုများရှိလာသဖြင့်၊ ယန္တရား၏ (၂၀၂၀) ခရီးစဉ်များ အကောင်အထည်ဖော်မှုကို နှောင့်နှေးစေခဲ့သည်။ ယန္တရားသည် ၎င်းအကျပ်အတည်းကို ဖြေရှင်းဆောင်ရွက်ရန်နှင့် ၎င်း၏ နယ်ပယ်စုံလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုကို အတိုးအလျော့ပြုလုပ်ကာ၊ ယန္တရား၏ လုပ်ပိုင်ခွင့်ကို ရှေ့တိုးဆောင်ရွက်ခဲ့သည်။ ဤအတားအဆီးများရှိနေသည့်တိုင်၊ ယန္တရားသည် လွန်ခဲ့သည့် လအနည်းငယ်အတွင်း သိသာသည့် တိုးတက်မှုများကို ဖော်ဆောင်နိုင်ခဲ့သည်။