Select Page

မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား အကြီးအကဲ Nicholas Koumjian ၏ ပြောကြားချက်

ဂျီနီဗာ၊ ၂၀၂၃ ခုနှစ်  ဩဂုတ်လ ၂၅ရက် – ယနေ့သည် မြန်မာနိုင်ငံမှ သိန်းနှင့်ချီသော ရိုဟင်ဂျာများ နေရပ်စွန့်ခွာထွက်ပြေးပြီး အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်ခိုလှုံခဲ့ရသည့် ခြောက်နှစ်ပြည့် အောက်မေ့ဖွယ်နေ့ ဖြစ်သည်။ ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများအပေါ် မြန်မာလုံခြုံရေး တပ်ဖွဲ့များ၏ အကြမ်းဖက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုများ တိုးမြှင့်ဖြစ်ပွားခဲ့သည်မှာ ခြောက်နှစ် ရှိခဲ့ပြီဖြစ်သည်။ ဤဖြစ်ရပ်ကြောင့် ရိုဟင်ဂျာများသည် ၎င်းတို့ချစ်ခင်ရသူများနှင့် နေအိမ်များ ဆုံးရှုံးခဲ့ ကြရသည်။ ခြောက်နှစ်တိုင်ကြာလာသော်လည်း ဤရာဇ၀တ်မှုများအတွက် မည်သူကမှ တာ၀န်ခံမှု မရှိသေးပါ။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် တရားမျှတမှုရရှိရေး ဆောင်ရွက်ရန် ယန္တရားကို ဖွဲ့စည်းခဲ့သည်။ ယန္တရားသည် ရိုဟင်ဂျာများအပေါ်ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအပါအဝင် မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် နောက်ပိုင်း ကျူးလွန်ခဲ့သည့် အဆိုးရွားဆုံး နိုင်ငံတကာရာဇ၀တ်မှုဆိုင်ရာ အထောက်အထားများ စုဆောင်းပြီး စိစစ်သုံးသပ်နေသည်။ ရိုဟင်ဂျာအများအပြားအပေါ် ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများနှင့် သက်ဆိုင်သည့် သက်သေခံချက်များနှင့် အခြား အထောက်အထားများစွာကို စုဆောင်းနေသည့်အပြင် ၎င်းတို့ထံမှ သိမ်းယူသွားသော စီးပွားရေးလုပ်ငန်းများ၊ လယ်ယာနှင့် အခြားပိုင်ဆိုင်မှုများအတွက် သီးသန့်စုံစမ်းစစ်ဆေးမှုကိုလည်း စတင်နေပြီ ဖြစ်သည်။ ဤရာဇ၀တ်မှုများ၏ နောက်ကွယ်တွင် ငွေကြေးဆိုင်ရာလှုံ့ဆော်မှု ရှိ၊ မရှိကို စုံစမ်းနေပြီး၊ ရိုဟင်ဂျာများအား ဆန့်ကျင်တိုက်ခိုက်မှုများမှ မည်သူက အမြတ်ထွက်သည်ကို စစ်ဆေးမည်ဖြစ်သည်။

ရိုဟင်ဂျာများအပေါ် ကျုးလွန်ခဲ့သော ကြီးလေးသည့်ရာဇ၀တ်မှုများအကြောင်း ပိုမိုနားလည်နိုင်စေမည့် စိစစ်သုံးသပ်ချက် အစီရင်ခံစာသစ်များကို သက်ဆိုင်ရာ တရားရေးအာဏာပိုင်များထံ မျှဝေရန် အပြီးသတ် လုပ်ဆောင်နေပါသည်။ ၎င်းတို့အနက် ရခိုင်ပြည်နယ်ရှိ စစ်တပ်၏ အဆင့်ဆင့် အမိန့်ပေးသည့်ကွင်းဆက်များကို အထူးပြုလေ့လာသည့် အစီရင်ခံစာများ၊ လိင်ပိုင်းဆိုင်ရာနှင့် ကျားမရေးရာ အခြေပြု ရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးရန် သို့မဟုတ် အရေးယူရန် မြန်မာအာဏာပိုင်များ၏ ပျက်ကွက်မှုများ၊ ၂၀၁၇ ခုနှစ် ရှင်းလင်းစစ်ဆင်ရေး မဖြစ်မီ၊ ဖြစ်ဆဲနှင့် ဖြစ်ပြီး ကာလများတွင် မြန်မာစစ်တပ်၏ ကွန်ရက်တစ်ခုမှ ဖေ့စ်ဘုတ်ပေါ်၌ အမုန်းစကားများ စနစ်တကျဖြန့်ချိခြင်း စသည့် အကြောင်းများပါဝင်သည်။

သတင်းအချက်အလက်ပေးသူများ၏ သဘောတူညီချက်ဖြင့်၊ ယန္တရားသည် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံးနှင့် အာဂျင်တီးနားတရားရုံးတွင် လုပ်ဆောင်နေသော စုံစမ်းစစ်ဆေးမှုများ၊ အပြည်ပြည် ဆိုင်ရာတရားရုံးရှိ ဂမ်ဘီယာနှင့်မြန်မာအမှု၏ လက်ရှိလုပ်ငန်းစဉ်များကို ပံ့ပိုးကူညီရန် အထောက်အထားများနှင့် စိစစ်သုံးသပ်ချက်များကို မျှဝေလျက်ရှိသည်။

ယန္တရား၏ လုပ်ပိုင်ခွင့်အရ စုံစမ်းစစ်ဆေးမှုများကို “သေနတ်ပစ်သူ” အဆင့်တွင်သာ ရပ်တန့်သွားမည် မဟုတ်ဘဲ၊ မည်မျှ ရာထူးအာဏာကြီးကြီး ရယူထားသူကိုမဆို စုံစမ်းစစ်ဆေးသွားမည် ဖြစ်သည်။ ယန္တရား၏လုပ်ငန်းသည် လွတ်မြောက်လာသူများ၊ မျက်မြင်သက်သေများ၊ တရားမဝင်သော အမိန့်ပေးချက်များနှင့် ဆက်စပ်သည့် အချက်အလက်များကို သိရှိထားသော လုံခြုံရေးတပ်ဖွဲ့ဝင်များ စသည့် ပုဂ္ဂိုလ်များမှ ရဲရင့်စွာမျှဝေပေးသော အချက်အလက်များပေါ်တွင် မူတည်လျက်ရှိသည်။ သက်ဆိုင်ရာ သတင်းအချက်အလက် ရရှိထားသူများအနေဖြင့် လုံခြုံသည့်လမ်းကြောင်းများကို အသုံးပြု၍ ယန္တရားထံ ဆက်သွယ်ရန် တောင်းဆိုပါသည်။

သက်ဆိုင်ရာနယ်မြေများရှိ သက်သေများနှင့်တွေဆုံခွင့်၊ သတင်းအချက်အလက်များရယူခွင့် ပေးရန် အဖွဲ့ဝင်နိုင်ငံများကိုလည်း တောင်းဆိုပါသည်။ ရိုဟင်ဂျာများအတွက် တရားမျှတမှုရှာဖွေခြင်းသည် ကမ္ဘာလုံးဆိုင်ရာကြိုးပမ်းမှု ဖြစ်သည်။ ကျွန်ုပ်တို့ အတူတကွ ပူးပေါင်းဆောင်ရွက်မှသာ တာဝန်ရှိသူများမှ ၎င်းတို့ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများ၏အကျိုးဆက်ကို တာဝန်ခံစေပြီး အဆိုပါရာဇ၀တ်မှုများ၏ ဆိုးရွားမှုဒဏ်ကို ခံစားခဲ့ရသူများအတွက် တရားမျှတမှုရရှိစေမည် ဖြစ်သည်။

ရိုဟင်ဂျာ ဘာသာဖြင့် နားဆင်ရန်

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံ တကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင်  ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။ နိုင်ငံတွင်း၊ ဒေသတွင်းနှင့်  နိုင်ငံတကာ တရားရုံးများတွင် တာဝန်ရှိသူများအပေါ် အနာဂတ်တရားစွဲဆိုမှုများပြုလုပ်ရာတွင် အသုံးပြုနိုင်မည့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုတွဲများကိုပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီရန် ရည်ရွယ်ပါသည်။