Select Page

လူမျိုးတုံး ရာဇဝတ်မှုကြောင့် နစ်နာသူများအတွက် အပြည်ပြည်ဆိုင်ရာ တရားမျှတရေး ဆောင်ရွက်ရာတွင် ရရှိသော သင်ခန်းစာများ၊ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား၏ အကြီးအကဲဖြစ်သူ Mr. Nicholas Koumjian ပါ၀င် ဆွေးနွေးခဲ့သည်။ သူက သက်သေခံအထောက်အထားများကို ၎င်းတို့ အသစ်ဖြစ်နေသေးစဉ် စုဆောင်း ထိန်းသိမ်းထားခြင်း၏ အရေးကြီးပုံကို အလေးထား ပြောဆိုခဲ့သည်။

“သက်သေ အထောက်အထားလို့ ဆိုရာမှာ လူတွေ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို မှတ်မိတဲ့အရာများ၊ အချိန်ကာလအရ ပြန်လည်ပျောက်ကင်းသွားမယ်လို့ မျှော်လင့်ရတဲ့ သူတို့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ် မြှုပ်နှံထားတဲ့ နေရာများနှင့် ရုပ်အလောင်းများ၊ ရာဇဝတ်မှုဖြစ်ပွားရာ နေရာများမှ သက်သေအထောက်အထားများ ပျောက်ပျက်မသွားမီ ပြန်လည်ဖော်ထုတ် ထိန်းသိမ်းထားခြင်း စသည့် သက်သေခံ အထောက်အထားတို့ ဖြစ်ပါတယ်” ဟု သူက ပြောကြားခဲ့သည်။

Mr. Koumjian သည် လူမျိုးတုံး ရာဇဝတ်မှုကြောင့် နစ်နာသူများ၏ ဂုဏ်သိက္ခာနှင့် အဆိုပါ ရာဇ၀တ်မှု တားဆီးရေးအတွက် အပြည်ပြည်ဆိုင်ရာ အထိမ်းအမှတ်နေ့၊ လူမျိုးတုံး ရာဇ၀တ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ချမှတ်ရေး စာချုပ်၏ (၇၂) ကြိမ်မြောက် နှစ်ပတ်လည်နေ့ တို့အတွက် အထိမ်းအမှတ်ပြု ကျင်းပသည့် အွန်လိုင်း အခမ်းအနားတွင် စကားပြောဆို ခဲ့ပါသည်။ ဤအခမ်းအနားကို လူမျိုးတုံးလုပ်ဆောင်မှု တားဆီးရေးနှင့် အကာအကွယ်ပေးရန် တာဝန်ရှိမှု (Genocide Prevention and the Responsibility to Protect) ဆိုင်ရာ ကုလသမဂ္ဂရုံးမှ ကြီးမှူးကျင်းပ ခဲ့ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၊ (၇၅) ကြိမ်မြောက် အထွေထွေညီလာခံ အခမ်းအနား ဥက္ကဌ နှင့် လူမျိုးတုံး လုပ်ဆောင်မှု တားဆီးရေးအတွက် အထူးအကြံပေးအရာရှိတို့က အဖွင့်မိန့်ခွန်းများကို ပြောကြားခဲ့သည်။

“နစ်နာသူများ အနေဖြင့် အမှန်တရား၊ တရားမျှတမှု၊ လျော်ကြေးရရှိမှုနှင့် အလားတူ ဖြစ်ရပ်မျိုး ပြန်လည် မဖြစ်ပွားစေရန်အတွက် အလုံးစုံ အာမခံချက်တို့ ရရှိရန် အခွင့်အရေးရှိသည်” ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်သူ Mr. António Guterres က ပြောကြားခဲ့သည်။ “ရက်စက် ကြမ်းကြုတ်သော ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိကြောင်း သေချာစေရန် လုပ်ဆောင်ရာ၌၊ နိုင်ငံဆိုင်ရာအလိုက် ဖွဲ့စည်းထားသော ယန္တရားများအပြင်၊ သက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ခုံရုံးများနှင့် စုံစမ်းစစ်ဆေးရေး အဖွဲ့အစည်းများ၏ ပံ့ပိုးလုပ်ဆောင်ချက်တို့ကို ကျွန်တော်အနေနဲ့ ယနေ့ အသိအမှတ်ပြု လိုပါတယ်။ လူ့အခွင့်အရေး ကောင်စီ၊ အထွေထွေ ညီလာခံနှင့် လုံခြုံရေးကောင်စီ စုံစမ်းစစ်ဆေးရေး အဖွဲ့အစည်းများ၊ အချက်အလက် ရှာဖွေရေး မစ်ရှင်များ၊ တတ်ကျွမ်းသူ အဖွဲ့များ၊ အဆင့်မြင့် မစ်ရှင်များနှင့် စုံစမ်းစစ်ဆေးရေး ကောင်မရှင် တို့သည်လည်း အခြေခံကျသည့် အခန်းကဏ္ဍတွင် ပါဝင် ဆောင်ရွက်ပေး ကြသည်။”

ယန္တရား ကိုယ်စား စကားပြောဆိုရာ၌ Mr. Koumjian သည် လူ့အခွင့်အရေးအတွက် အမေရိကန်နိုင်ငံပြည်တွင်း တရားရုံးများ (Inter-American Court of Human Rights) ၊ UNITAD နှင့် အရပ်ဘက် အဖွဲ့အစည်းမှ ဆွေးနွေးပြောဆိုသူများနှင့် အတူ ဆွေးနွေးခဲ့သည်။

Mr. Koumjian သည် ယန္တရား၏ လုပ်ပိုင်ခွင့်နှင့် အလုပ်ကို ရှင်းပြခဲ့သည့်အပြင်၊ ယန္တရား ကြုံတွေ့ရသည့် အဓိက စိန်ခေါ်မှု အချို့ကိုလည်း ရှင်းပြခဲ့ပါသည်။ နိုင်ငံတွင်း၊ ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ တရားရုံးများတွင် ရာဇဝတ်မှုများအတွက် တာဝန်ရှိနိုင်ဖွယ် ရှိသူများကို တရားစွဲဆိုမှုများ လုပ်နိုင်ရန်၊ အကယ်၍ ၎င်းတို့တွင် တာဝန်ရှိကြောင်း တွေ့ရှိလျှင် ပြစ်ဒဏ်ချမှတ်ပေးနိုင်ရန် ထောက်ကူ ဆောင်ရွက်ပေးခြင်းအားဖြင့်၊ တာဝန်ခံမှုကို မြင့်တင်ရန်အတွက် ယန္တရားကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု သူက ပြောကြားခဲ့ပါသည်။

“ကြီးမားတဲ့ အခက်အခဲက အမှုတွဲတွေကို တည်ဆောက်ဖို့ ဖြစ်တယ်” ဟု သူက ဖြည့်စွက် ပြောကြားခဲ့သည်။ “ မြန်မာပြည်တွင်ဖြစ်စေ သို့မဟုတ် ဖေါ်ပြခဲ့ပြီးဖြစ်သည့် မည်သည့် နေရာတွင် ဖြစ်စေ၊ ဖြစ်ပျက်ခဲ့သော ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေအကြောင်း ပြောဆိုကြတဲ့အခါ၊ ကျွန်တော်တို့က ထောင်နှင့်ချီတဲ့ ဖြစ်ရပ်တွေနဲ့ ဆိုင်တဲ့ စွပ်စွဲမှုတွေ အကြောင်းကို ပြောဆိုကြတာ ဖြစ်ပါတယ်။ အဲဒီ ဖြစ်ရပ်တွေမှာ သိန်းနဲ့ချီတဲ့ နစ်နာသူတွေ၊ သူတို့ တစ်ဦးခြင်းစီရဲ့ အဖြစ်အပျက် အကြောင်းအရာတွေ၊ ထောင်နှင့်ချီ အရေအတွက်ရှိတဲ့ ပြစ်မှုကျူးလွန်ဖွယ် ရှိသူတွေနှင့် ထောင်နှင့်ချီတဲ့ အခင်းဖြစ်ပွားရာ နေရာအကြောင်းတွေ ဖြစ်ပါတယ်။”

ကြီးလေးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများအတွက် တိုက်ရိုက် ကျူးလွန်သူများ အပါအဝင်၊ အမိန့်ပေးသည့် ကွင်းဆက် အဆင့်ဆင့်တွင် ပါ၀င်နေသည့်သူများက ရာဇ၀တ်မှု ကျူးလွန်ရန် အမိန့်များပေးခဲ့ နိုင်ချေ ရှိသူများ၊ သို့မဟုတ် ထိုရာဇဝတ်မှုများကို ဟန့်တားရန်၊ သို့မဟုတ် ကျူးလွန်သူများကို အပြစ်ပေးရန် ပျက်ကွက်ခဲ့သည့်သူများနှင့် သက်ဆိုင်၍၊ ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ တာ၀န်ရှိမှုကို သက်သေထင်ရှား ပြရမည့် အမှုများတွင် ထပ်ဆင့်အခက်အခဲများရှိကြောင်းကို သူက ဆွေးနွေးခဲ့သည်။

Mr. Koumjian သည် နစ်နာသူများနှင့် စကားပြောခြင်း အရေးကြီးကြောင်းကိုလည်း ပြောကြားခဲ့သည်။ ဘော့စ်နီးယား၊ ကမ္ဘောဒီးယား၊ ဒါဖါ နှင့် ဆီရာ လီရွန် နိုင်ငံတို့တွင် တာ၀န်ထမ်းဆောင်စဥ်က သူ၏ နှစ်နှင့်ချီသော အတွေ့အကြုံမှ သူ သင်ယူခဲ့သည့် အကြောင်းအရာ ဖြစ်ပါသည်။ Mr. Koumjian က အလေးထား ပြောကြားခဲ့သည်မှာ နစ်နာသူများသည် ပြစ်မှုအတွက် တာ၀န်ရှိပုဂ္ဂိုလ်များကို တာ၀န်ခံမှုရှိအောင် ဆောင်ရွက်ခြင်းကို မြင်တွေ့ခြင်းဖြင့်၊ သူတို့၏ နစ်နာခဲ့မှုကို အသိအမှတ်ပြုပေးခြင်း၊ ထိုနစ်နာမှုအတွက် တာ၀န်ရှိသူကို ဖော်ထုတ်သတ်မှတ်ပေးခြင်းတို့ကို လိုလားကြသည်။

နစ်နာသူများနှင့် တွေ့ဆုံပြောဆိုခြင်းသည် အလွန်အရေးကြီးသော်လည်း၊ သူတို့နှင့် တွေ့ဆုံနိုင်ရန် အလွန်ခက်ခဲသည်။ အထူးသဖြင့် နစ်နာသူများအား သွားရောက် တွေ့ဆုံရန် ခက်ခဲသည့် မြန်မာနိုင်ငံလို အခြေအနေတွင် ပို၍ အခက်အခဲရှိသည်။ သိန်းနှင့် ချီသော နစ်နာသူများမှာ အိမ်နီးချင်း နိုင်ငံများ၌ နေထိုင်နေသည့် ဒုက္ခသည်များဖြစ်ကြပြီး၊ နစ်နာသူ အများအပြားမှာ နိုင်ငံတွင်း၌ ရှိနေကြသေးသည်။ ထိုအခြေအနေတွင် မြန်မာ အာဏာပိုင်များက ယန္တရားအား မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ရန် ငြင်းဆိုခြင်းက ပို၍ပင် အခက်အခဲ ဖြစ်စေသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံ အစိုးရကို ဆက်ပြီး ဆက်သွယ်နေပါတယ်။ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု ရရှိအောင်နှင့် ကျွန်တော်တို့ရဲ့ လုပ်ပိုင်ခွင့်ကို ဖော်ဆောင်နိုင်ဖို့ ဆက်လက်ပြီး ဆက်သွယ် သွားပါမယ်” ဟု Mr. Koumjian က ပြောကြားခဲ့သည်။

အဆိုပါ အခက်အခဲများ ရှိနေစေကာမူ၊ ယန္တရားသည် နစ်နာသူများ ပြောပြလိုသည့် အကြောင်းအရာများကို နားထောင်ရန်၊ တရားမျှတမှုနှင့် တာဝန်ခံမှုရှိအောင် လုပ်ဆောင်ရာတွင် ယန္တရားက လုပ်နိုင်သည့် အရာနှင့် မလုပ်နိုင်သည့် အရာတို့ကို၊ ၎င်းတို့ ပိုမို နားလည်စေရန်အတွက် ယန္တရားဘက်က တတ်နိုင်သမျှ လုပ်ဆောင်နေသည်ဟု Mr. Koumjian က ပြောကြားခဲ့သည်။

“ဒီ အခက်အခဲတွေကို ကျော်လွှားဖို့၊ ဤနစ်နာသူများအတွက် တရားမျှတမှု အချို့ကို ဆောင်ကျဉ်းပေးနိုင်မယ့် နိုင်ငံဆိုင်ရာ တရားရုံး သို့မဟုတ် အပြည်ပြည်ဆိုင်ရာ တရားရုံးတွေရဲ့ ပူးပေါင်းပါ၀င်မှု အပါအ၀င်၊ အခြားသူများ၏ ပူး‌ပေါင်းပါ၀င်မှု အများအပြားကို ကျွန်တော်တို့ လိုအပ်ပါတယ်” ဟု သူက နိဂုံးချုပ် ပြောကြားခဲ့သည်။