Select Page

ဂျီနီဗာ၊ ဩဂုတ်လ ၈ ရက် ၂၀၂၃ ခုနှစ် –  မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (ယန္တရား) မှ စုဆောင်းပြီး စိစစ်သုံးသပ်ထားသည့် အထောက်အထားများအရ၊ မြန်မာစစ်တပ်နှင့် ၎င်း၏ တွဲဖက်ပြည်သူ့စစ်များသည် စစ်ရာဇ၀တ်မှုများကို ကြိမ်ရေတိုးမြှင့်ကာ ပြောင်ပြောင်တင်းတင်း  ကျူးလွန် နေသည့် ခိုင်လုံသော အထောက်အထားများရှိကြောင်းကို ယနေ့ထုတ်ပြန်သည့် ယန္တရား၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ စစ်ရာဇ၀တ်မှုများတွင် လူပေါင်း ၁၅၅ ဦးထက်မနည်းသေဆုံးခဲ့သော ၂၀၂၃ ခုနှစ် ဧပြီလတွင်း စစ်ကိုင်းဒေသတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကဲ့သို့ အရပ်သားများကို မရှောင်ရှား၊ မခွဲခြားဘဲ သို့မဟုတ် အင်အားအလွန်အကျွံသုံးသော တိုက်ခိုက်မှုများ ပါဝင်သည်။ အရပ်သားများနှင့် ဖမ်းဆီးရမိသော တိုက်ပွဲဝင်သူများကို အစုလိုက်အပြုံလိုက် ကွပ်မျက်ခြင်းများလည်း ပိုတိုးလာခဲ့သည်။ ထို့ပြင် အရပ်သား နေအိမ်များနှင့် အဆောက်အဦးများကို အကြီးအကျယ် ရည်ရွယ်ချက်ရှိရှိ မီးရှို့ခြင်းကြောင့် အချို့နေရာများတွင် ရွာလုံးကျွတ် ပျက်စီးမှုများ ဖြစ်ပေါ် ခဲ့သည်။

“မြန်မာနိုင်ငံမှာ အသက်ဆုံးရှုံးမှုတိုင်းက ဝမ်းနည်းစရာပါ။ ဒါပေမယ့် လေကြောင်းက ဗုံးကြဲမှုတွေနဲ့ ရွာမီး လောင်မှုတွေကြောင့် ရပ်ရွာလူထုတစ်ရပ်လုံး ထိခိုက်ပျက်စီးရတာ အထူးတုန်လှုပ်ဖွယ်ဖြစ်ပါတယ်။ အရပ် သားတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျတိုက်ခိုက်မှုတွေ မြန်မာနိုင်ငံတွင်းမှာဖြစ်နေပြီး၊ စစ်ရာဇ၀တ် မှုတွေ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ သိသိသာသာတိုးလာနေတာကို ကျွန်တော်တို့ ရရှိထားတဲ့ သက်သေအထောက်အထားတွေက ဖော်ပြနေပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြစ်မှုကျူးလွန်သူ တစ်ဦးချင်းစီ တာဝန်ခံမှုရှိစေရန် လုပ်ဆောင်ရာမှာ တရားရုံးများကအသုံးပြုနိုင်မယ့် အထောက်အထားများ စုဆောင်းနေပါတယ်” ဟု ယန္တရားအကြီးအကဲ နီကိုလတ်စ်ခွန်ဂျန် မှပြောသည်။

မြန်မာစစ်တပ်က စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများ အပါအဝင် လေကြောင်းမှ တိုက်ခိုက်မှုများသည် စစ်ဘက်ဆိုင်ရာပစ်မှတ်များဖြစ်နေသောကြောင့် တရားမျှတစွာ လုပ်ဆောင်ခဲ့သည်ဟု အကြောင်းပြသည်။ သို့သော်လည်း အဆိုပါတိုက်ခိုက်မှုအချို့ ဖြစ်ပွားချိန်တွင် စစ်ဘက်ဆိုင်ရာပစ်မှတ်များအတွင်း သို့မဟုတ် အနီးတစ်ဝိုက်တွင် အရပ်သားအများအပြား ရှိနေသည်ကို စစ်တပ်မှ သိသင့်သည့်အခြေအနေရှိနေသည် သို့မဟုတ် သေချာသိနေသည်ဟု ယန္တရား၏ အထောက်အထားများက ညွှန်ပြနေသည်။

နိုင်ငံတကာဥပဒေအရ စစ်တပ်မှ အဆင့်ဆင့်အမိန့်ပေးသောအရာရှိများသည် ၎င်းတို့ကွပ်ကဲမှုအောက်တွင် ကျူးလွန်သော စစ်ရာဇ၀တ်မှုများကို တားဆီးအရေးယူရန် တာဝန်ရှိပြီး ကြိုးကြောင်းဆီလျော်သည့် တားဆီးအရေးယူမှုများ လုပ်ဆောင်ရန် ပျက်ကွက်ပါက၊ အဆိုပါအရာရှိများသည် ထိုရာဇ၀တ်မှုများအတွက် တာဝန်ရှိလာနိုင်ကြောင်း ယန္တရား၏ အစီရင်ခံစာတွင် ရှင်းပြထားသည်။ “ဤသို့သော ပြစ်မှုများကို အကြိမ်ကြိမ် လျစ်လျူရှုခြင်းသည် အထက်အာဏာပိုင်များကိုယ်၌က အဆိုပါရာဇ၀တ်မှုများကို ကျူးလွန်ရန် ရည်ရွယ်ကြောင်း ညွှန်ပြသည်” ဟု ယန္တရားကဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ကျူးလွန်ခဲ့သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးရာတွင် ယန္တရားသည် လူ ၂၀၀ ကျော်၏ မျက်မြင်သက်သေထွက်ဆိုချက်များ၊ ဓာတ်ပုံများ၊ ဗီဒီယိုများ၊ အသံဖိုင်များ၊ စာရွက်စာတမ်းများ၊ မြေပုံများ၊ ဂြိုလ်တုပုံရိပ်များ၊ လူမှုကွန်ရက်သတင်းများနှင့် မှုခင်းဆိုင်ရာ အထောက်အ ထားများ အပါအဝင် အရင်းမြစ်ပေါင်း ၇၀၀ ကျော်ထံမှ အချက်အလက်များကို စုဆောင်းထားသည်။

ယန္တရားသည် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွင်း မြန်မာနိုင်ငံမှ ရိုဟင်ဂျာများ အလုံးအရင်းဖြင့် ရွှေ့ပြောင်း ထွက်ခွာသွားစေသည့် အကြမ်းဖက်မှုများကို ဆက်လက်အားစိုက် စုံစမ်းစစ်ဆေးနေသည်။ အထူးသဖြင့် ရိုဟင်ဂျာများအပေါ် လိင်နှင့် ကျားမအခြေပြု ရာဇ၀တ်မှု ကျူးလွန်မှုများ ထိုအချိန်က ပျံ့နှံ့ဖြစ်ပွားခဲ့ကြောင်း အစီရင်ခံစာက အလေးပေးဖော်ပြထားသည်။

“လိင်ပိုင်းဆိုင်ရာနဲ့ ကျားမ အခြေပြု ရာဇ၀တ်မှုတွေဟာ ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေတဲ့အမှုတွေအနက် အဆိုးရွားဆုံး ရာဇ၀တ်မှုတွေထဲမှာ ပါဝင်ပါတယ်။ ရိုဟင်ဂျာရှင်းလင်းစစ်ဆင်ရေးအတွင်းမှာ ဒီရာဇဝတ်မှုတွေ အလွန် ပျံ့နှံ့ဖြစ်ပွားခဲ့တာကြောင့် ကျွန်တော်တို့ တွေ့ဆုံမေးမြန်းထားတဲ့ မျက်မြင်သက်သေအများစုမှာ သက်ဆိုင်ရာ အထောက်အထားတွေ ရှိပါတယ်” ဟု နီကိုလတ်စ်ခွန်ဂျန် ကပြောသည်။

ယန္တရားသည် လက်ရှိရိုဟင်ဂျာဆိုင်ရာ အမှုကိစ္စများဆောင်ရွက်နေသော အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံးရုံး၊ အပြည်ပြည်ဆိုင်ရာ တရားရုံးနှင့် အာဂျင်တီးနားတရားရုံးမှ တာဝန်ရှိသူများထံ အထောက်အထားများ၊ အချက်အလက်များနှင့် ခွဲခြမ်းစိတ်ဖြာမှု အစီရင်ခံစာများကို မျှဝေလျက်ရှိပါသည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံ တကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင်  ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။ နိုင်ငံတွင်း၊ ဒေသတွင်းနှင့်  နိုင်ငံတကာ တရားရုံးများတွင် တာဝန်ရှိသူများအပေါ် အနာဂတ်တရားစွဲဆိုမှုများပြုလုပ်ရာတွင် အသုံးပြုနိုင်မည့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုတွဲများကိုပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီရန် ရည်ရွယ်ပါသည်။

အင်တာဗျူးများနှင့် အချက်အလက်များ တောင်းဆိုလိုပါက iimm@un.org သို့ဆက်သွယ်ပါ။