Select Page

ဂျီနီဗာ၊ ၂၀၂၂ ခုနှစ် ဩဂုတ် ၉ ရက် – မြန်မာနိုင်ငံတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို စနစ်တကျ ကျူးလွန်နေဆဲဖြစ်ပြီး၊ ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများ သည်  အမျိုးသမီးများနှင့် ကလေးများအပေါ် ပြင်းထန်စွာ ထိခိုက်စေကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (ယန္တရား) မှ ယနေ့အထိ စုဆောင်းထားသည့် အထောက်အထားများအရ၊ ထုတ်ပြန်ခဲ့သည့် နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

လွန်ခဲ့သော ၃ နှစ် လုပ်ငန်းစတင်လည်ပတ်ချိန်မှစ၍၊ ယန္တရားသည် ရင်းမြစ်ပေါင်း ၂၀၀ နီးပါးထံမှ သတင်း အချက်အလက် ၃ သန်းကျော်ကို စုဆောင်းခဲ့သည်ဟု အစီရင်ခံစာက ထုတ်ပြန်ထားသည်။ ၎င်းတို့တွင် အင်တာဗျူး ထွက်ဆိုချက်များ၊ စာရွက်စာတမ်းများ၊ ဗီဒီယိုများ၊ ဓာတ်ပုံများ၊ ဂြိုလ်တုဆိုင်ရာ ပုံရိပ်များနှင့် ဆိုရှယ်မီဒီယာ အချက်အလက်များ ပါဝင်သည်။ မုဒိမ်းမှု၊ အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ကလေးများအပေါ် ရာဇ၀တ်မှုကျူးလွန်မှုများအပါအဝင် လိင်နှင့်ကျား-မအခြေပြု ရာဇ၀တ်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင်အဖွဲ့များက ကျူးလွန်ခဲ့ကြောင်း ရရှိထားသော အချက်အလက် များကဖော်ပြသည်။ အစီရင်ခံစာအရ၊ မြန်မာနိုင်ငံတွင် ကလေးများကို ၎င်းတို့၏ မိဘများအစား ဖမ်းဆီးခေါ်ဆောင်ခြင်းအပါအဝင်၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ စစ်မှုထမ်းခိုင်းခြင်းနှင့် နိုင့်ထက်စီးနင်းပြုမူ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။

“အမျိုးသမီးနဲ့ ကလေးများအပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှုများက အကြီးလေးဆုံးသော နိုင်ငံတကာ ရာဇ၀တ် မှုများထဲ ပါဝင်ပါတယ်။ ဒါပေမဲ့ အဲဒါတွေကို သမိုင်းကြောင်းအရ အစီရင်ခံမှုနည်းပါးပြီး စုံစမ်းစစ်ဆေးမှု နည်းပါးတယ်” ဟု ယန္တရားအကြီးအကဲ Nicholas Koumjian ကဆိုသည်။ “ကျွန်တော်တို့ အဖွဲ့က ဒီရာဇ၀တ်မှုတွေကို နောက်ဆုံးမှာတရားစွဲဆိုနိုင်ဖို့၊ ဦးတည်ချက်ရှိတဲ့ ကမ်းလှမ်းဆက်သွယ်မှုနဲ့ စုံစမ်း စစ်ဆေးမှုတွေကို တစိုက်မက်မက် လုပ်‌ဆောင်နိုင်တဲ့ ကျွမ်းကျင်မှုတွေရှိပါတယ်။ ဒီရာဇ၀တ်မှု ကျူးလွန်သူ တွေဟာ အပြစ်ပေးမခံရပဲ ဆက်လက်မလုပ်ဆောင်နိုင်ကြောင်း သိထားဖို့လိုတယ်။ တစ်နေ့ကျရင် ကျူးလွန်သူများ တာဝန်ခံမှုဖြစ်စေဖို့ ကျွန်တော်တို့က သက်သေအထောက်အထားတွေ စုဆောင်းထိန်းသိမ်း နေပါတယ်။”

အစီရင်ခံစာအရ “၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း၊ မြန်မာနိုင်ငံတွင် ကျူးလွန်ခဲ့သည် ရာဇ၀တ်မှုများ၏ အတိုင်းအတာသည် အရပ်သားများကို ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ တိုက်ခိုက်မှုမြောက်သည့် အတိုင်းအတာနှင့် အသွင်ဆောင်သည်ကို ညွှန်ပြလျှက်ရှိပြီး” ရာဇ၀တ်မှုဖြစ်ပျက်ပုံ များလည်း ကျယ်ပြန့်လာသည်။ ၎င်းတို့တွင် အစီရင်ခံစာကို ပြင်ဆင်ပြီးနောက်ပိုင်းမှ ဖြစ်ပွားသည့် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် မြန်မာစစ်တပ်မှ လူလေးဦးကို ကွပ်မျက်ခြင်းဖြစ်ရပ်လည်း ပါဝင်သည်။

ရိုဟင်ဂျာ တစ်သန်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် နယ်မြေရှင်းလင်းစစ်ဆင်ရေး လုပ်ဆောင်ခဲ့မှု ငါးနှစ်ပြည့် ကာလမတိုင်မီ နှစ်ပတ်အလိုတွင်၊ ဤအစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က ပြည်နှင်ဒဏ် သို့မဟုတ် အတင်းအကျပ် ရွှေ့ပြောင်းခံခဲ့ရသော ရိုဟင်ဂျာ အများစုသည် ဒုက္ခသည် သို့မဟုတ် ပြည်တွင်းနေရပ်စွန့်ခွာသူ စခန်းများတွင် ရှိနေကြဆဲ ဖြစ်သည်။

“ရိုဟင်ဂျာတွေက မြန်မာနိုင်ငံကို လုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိစွာ ပြန်လာလိုတဲ့ ဆန္ဒကို အကြိမ်ကြိမ် ထုတ်ပြော ပါတယ်။ ဒါပေမဲ့ သူတို့အပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက်၊ တာဝန်အရှိဆုံး ပုဂ္ဂိုလ်တွေကို တရားစွဲဆိုခြင်း အပါအဝင် တာဝန်ခံမှုတွေ မရှိဘူးဆိုရင်၊ သူတို့ပြန်လာဖို့ အလွန်ခက်ခဲ ပါလိမ့်မယ်” ဟု Koumjian မှ ပြောကြားခဲ့သည်။ “ရိုဟင်ဂျာတွေမှာဆက်ဖြစ်နေတဲ့ ဆိုးရွားတဲ့ အခြေအနေနဲ့ မြန်မာနိုင်ငံမှာ ဆက်ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေက၊ တရားမျှတမှုနဲ့ တာဝန်ခံမှုကို ဖြစ်ထွန်းဖို့၊ နောက်ထပ် ရက်စက်ကြမ်းကြုတ်မှုတွေကို ဟန့်တားဖို့ လုပ်ဆောင်နေတဲ့ ယန္တရားရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကို ဖော်ပြနေပါတယ်။

သတင်းအချက်အလက်ရင်းမြစ်များ၏ သဘောတူညီချက်ဖြင့်၊ ယန္တရားသည် အပြည်ပြည်ဆိုင်ရာ တရားရုံး နှင့် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်တရားရုံးများတွင် လက်ရှိဆောင်ရွက်နေသော နိုင်ငံတကာတရားစီရင်ရေး လုပ်ငန်းစဉ်များကို ပံ့ပိုးကူညီရန်အတွက် သက်ဆိုင်သော အထောက်အထားများကို မျှဝေနေပါသည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂ဝ၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် ကျူးလွန်ခဲ့သော အကြီးလေးဆုံး နိုင်ငံတကာ ရာဇ၀တ်မှုများနှင့် နိုင်ငံတကာ ဥပဒေချိုးဖောက်မှုများအတွက် အထောက်အထားများ စုဆောင်းခြင်းနှင့် စိစစ်သုံးသပ်ခြင်း လုပ်ရန်၊  ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ  ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာတရားရုံးများတွင် တာဝန်ရှိသူများအား အနာဂတ်တရားစွဲဆိုမှုများတွင် အသုံးပြုရန်အတွက်၊ အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုတွဲများကို ပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုတို့ ဖြစ်ထွန်းလာစေရန် ရည်ရွယ်ပါသည်။

ပိုမိုသိရှိလိုပါက https://iimm.un.org/ သို့မဟုတ် iimm@un.org သို့ ဆက်သွယ်ပါ။