Select Page

မြန်မာနိုင်ငံဆိုင်ရာ ယန္တရား၏ အဖိုးအတန်ဆုံး ရင်းမြစ်မှာ ၎င်း၏ လူများဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ကြီးလေးသော ရာဇဝတ်မှု စွပ်စွဲချက်များနှင့် စပ်လျဥ်း၍ ခက်ခဲရှုပ်ထွေးသော စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်နှင့် ကူညီပံ့ပိုးရန် အတွေ့အကြုံရင့်ကျက်သူများ၊ အလုပ်အပေါ် နှစ်မြှုပ်လုပ်ဆောင်သူများနှင့် ကျွမ်းကျင်သူများ စသည်ဖြင့် ကွဲပြားစုံလင်သော၀န်ထမ်းအဖွဲ့ကို ယန္တရားတွင် စုဆောင်းခန့်အပ်ထားသည်။ မြန်မာနိုင်ငံဆိုင်ရာ ယန္တရား၏ လုပ်ပိုင်ခွင့်နှင့် သက်ဆိုင်သော အဓိက အကြောင်းအရာများ ခေါင်းစဥ်ဖြင့် အစီအစဥ်တွင် မိမိတို့ထံမှ ကျွမ်းကျင်သူ အဖွဲ့၀င်တစ်ဦး၏ အတွေ့အကြုံများနှင့် အတွင်းကျကျ သိမြင်နားလည်မှုများကို အလေးပေး ဖော်ပြသွားပါမည်။

ကျား-မဆိုင်ရာနှင့် ကလေး အခွင့်အရေး အကြံပေးအရာရှိ (Gender and Child Rights Advisor) ဖြစ်သူ Ms. Shyamala Alagendra (မလေးရှား)နှင့် ပြောဆိုဆွေးနွေးမှုမှ ကလေးများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် ကျား-မ အခြေပြု ရာဇဝတ်မှုများအပေါ် စုံစမ်းစစ်ဆေးသည့် အကြောင်းများကို မိမိတို့ လေ့လာနိုင်ပါသည်။ သူမအား တရားမျှတရေး လျင်မြန်စွာ တုံ့ပြန်မှု (Justice Rapid Response) မှတစ်ဆင့် ယန္တရားတွင် လုပ်ငန်းတာဝန်ချထားပေးခြင်း ဖြစ်သည်။

ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ လိင်ပိုင်း ဆိုင်ရာနှင့် ကျား-မ အခြေပြု  ရာဇဝတ်မှု(Sexual and Gender-based Crimes, SGBC) တွေကို စုံစမ်းစစ်ဆေးခဲ့တဲ့ အတွေ့အကြုံ  သင့်မှာ  ၂၂ နှစ် ရှိတယ်။ သင့် အတွေ့အကြုံအရ ဘယ်လိုမျိုး  မတူတဲ့ နောက်ခံ အခြေအနေမှာ လုပ်ကိုင်ခဲ့ရတာလဲ။ သင့်အတွေ့အကြုံ ထဲက အရေးအကြီးဆုံး အမှုတချို့က ဘာတွေလဲ။

ကျွန်မဟာ တီမောလက်စ်တေ နိုင်ငံမှာရှိတဲ့ ကြီးလေးသော ရာဇဝတ်မှုများအတွက် ကုလသမဂ္ဂ အထူးအဖွဲ့ (UN Special Panel for Serious Crimes in Timor Leste)၊ ဆီရာလီယွန်နိုင်ငံအတွက် အထူး တရားရုံး (Special Court for Sierra Leone, SCSL) နှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (International Criminal Court, ICC) တွေမှာ တရားလိုရှေ့နေ အဖြစ် လုပ်ဆောင်ခဲ့တယ်။ အဲဒီ တရားရုံးတွေမှာ ကလေးသူငယ်တွေ အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား-မ အခြေပြု ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုခဲ့ပါတယ်။

ဆီရာလီယွန်နိုင်ငံအတွက် အထူး တရားရုံးမှာ အပြည်ပြည်ဆိုင်ရာ တရားရုံးတစ်ခုရဲ့ ပထမဦးဆုံးအမှု အဖြစ် ကလေးတွေကို စစ်မက်ဖြစ်ပွားရာမှာ တပ်သားတွေအဖြစ် စုဆောင်း အသုံးချခြင်းနှင့် အတင်းအကျပ် ထိမ်းမြားပေးမှုတွေကို လူသားအပေါ် ကျူးလွန်တဲ့ ပြစ်မှုအဖြစ် စွဲချက်တွေနဲ့ တရားစွဲဆိုခဲ့တယ်။ အဆိုပါ ရာဇဝတ်မှုတွေအတွက် စစ်တပ်နှင့် သူပုန်အဖွဲ့က အကြီးတမ်း တပ်မှူးတွေ၊ အဲဒီ ရာဇဝတ်မှုတွေကို ကျူးလွန်ချိန်မှာ နိုင်ငံအကြီးအကဲ ဖြစ်ခဲ့သူ Charles Taylor တို့ကို အပြစ်ရှိကြောင်း အဆုံးသတ် ဆုံးဖြတ်ချက်ချပြီး နှစ်ရှည် ထောင်ဒဏ်အပြစ်ပေးနိုင်ခဲ့တယ်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (International Criminal Court, CC)ရဲ့ Darfur အဖွဲ့မှာ တရားစွဲဆိုသူ အဖြစ်တာ၀န်ယူ ဆောင်ရွက်ခဲ့တယ်။ တစ်ချိန်က ဆူဒန်နိုင်ငံ သမ္မတဖြစ်ခဲ့သူ Omar Hassan Ahmad Al Bashir ကို ဂျန်နိုဆိုက် (ခေါ်) လူမျိုးပြုန်းတီးစေမှုနှင့် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုများအတွက် စွဲချက်တင်ရာမှာ ပါ၀င်ခဲ့ပါတယ်။

ကျွန်မရဲ့ အခြား အလုပ်က (2018) ခုနှစ်မှာ ဖီဂျီနိုင်ငံရဲ့ တရားစွဲဆိုမှုအရေးမှာ လက်ထောက် ညွှန်ကြားရေးမှူး (Assistant Director of Prosecutions of Fiji) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီမှာ သက်ငယ် မုဒိမ်းမှုတွေကို တရားစွဲဆိုခဲ့တယ်။ အမှုတွေအတွက် တချို့ ၂ နှစ်၊ ၆ နှစ် နှင့် ၁၀ နှစ် အရွယ်မျှသာ ရှိသေးတဲ့ မိန်းကလေးနှင့် ယောက်ျားလေးတွေ သက်သေထွက်ဆိုခဲ့ကြတယ်။ ဖီဂျီနိုင်ငံ (နှင့် ပစိဖိတ်) ဒေသမှာ သက်ငယ် မုဒိမ်းမှုအတွက် တစ်သက်တစ်ကျွန်း ထောင်ဒဏ် ချမှတ်တဲ့ ပထမဦးဆုံး အမှုအဖြစ် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး၊ ဖီဂျီနိုင်ငံ တရားရုံးချုပ်ရဲ့ သက်ငယ် မုဒိမ်းမှုဆိုင်ရာ ထောင်ဒဏ်သတ်မှတ်ချက်ကို တိုးမြှင့်ပေးရေးအတွက် အောင်မြင်စွာ ကျွန်မ လျှောက်လဲခဲ့တယ်။ ကိုယ်ပိုင် ရှေ့နေလုပ်ငန်းမှာ ရှေ့နေတစ်ယောက် အနေနဲ့ ဆီရာလီယွန် နိုင်ငံ စစ်တပ်နှင့် ဒေသတွင်း စစ်တပ်က ကျူးလွန်တဲ့ နှိပ်စက်ညှဥ်းပန်းမှုနှင့် လိင်ဆိုင်ရာ အကြမ်းဖက်မှု၊ နိုင်ငံခြား ဘုန်းကြီးတွေ မုဒိမ်းကျင့်ခံခဲ့ရသူတွေရဲ့ အမှု အပါအဝင်၊ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်ခံရသူတွေအတွက် (အခမဲ့) ကိုယ်စားပြုရှေ့နေ လိုက်ပေးခဲ့ပါတယ်။ အဲဒီ အမှုအခင်း နှစ်မျိုးလုံးမှာ နိုင်ဂျီးရီးယားနိုင်ငံ စစ်တပ်နှင့် ဘုန်းကြီးတို့ မုဒိမ်းကျင့်တဲ့အတွက်ကြောင့်လို့ စွတ်စွဲခံပြီး မွေးဖွားလာတဲ့ ကလေးတွေကို မတူခြားနားတဲ့ သီးသန့် ကျူးလွန်ခံရတဲ့ အုပ်စု အဖြစ် အသိအမှတ်ပြုခဲ့တယ်။ အိမ်ရာမဲ့ လမ်းပေါ်က ကလေးတွေရဲ့ အကျိုးအတွက်လည်း ကိုယ်စားပြုဆောင်ရွက် ပေးခဲ့ပါတယ်။ အဲဒီ ကလေးအများစုဟာ ယောက်ျားလေးတွေဖြစ်ကြပြီး၊ အာဖရိကမှာ ရှိတဲ့ ကလေးအိမ်ဂေဟာမှာ လုပ်တဲ့ ကလေးစောင့်ရှောက်သူတွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံခဲ့ရတဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။

လိင်ပိုင်း ဆိုင်ရာနှင့် ကျား-မ အခြေပြု  ရာဇဝတ်မှု(SGBC) တွေနှင့် ကလေးသူငယ်တွေကို ကျူးလွန်တဲ့  ရာဇဝတ်မှုတွေရဲ့ သီးခြား အသွင်လက္ခဏာက ဘာတွေ ဖြစ်ပါသလဲ။  

SGBC နှင့် ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ သာမန်အားဖြင့် တူညီတဲ့အချက် အနည်းဆုံး တစ်ခုရှိပါတယ်။ အဲတာက ကိုယ့်ထင်မြင်ချက်အရ အင်အား ပိုနည်းသူဟု ယူဆသတ်မှတ်ခံထားတဲ့သူတွေကို အရှက်ရစေဖို့၊ အရှက်ခွဲဖို့၊ နှိပ်စက်ညှဥ်းပန်းဖို့ သို့မဟုတ် အန္တရာယ်ပြုလိုတဲ့ ဆန္ဒနဲ့ အာဏာကို အလွဲသုံးစားပြုခြင်း ဖြစ်ပါတယ်။ အဲဒီလို အမှုတွေကို အမြဲမဟုတ်ပေမဲ့ အများအားဖြင့် ယောကျာ်းတွေက ကျူးလွန်လေ့ရှိတယ်။ SGBC မှာ မုဒိမ်းမှု၊ လိင် ကျွန်ပြုမှုနှင့် ကျား-မအမြင် အခြေပြု ဖိစီးနှိပ်စက်မှု စသည်ဖြင့် ပုံစုံအမျိုးမျိုးနဲ့ ဖြစ်လေ့ရှိတယ်။ အတင်းအကျပ် ထိမ်းမြားပေးခြင်း၊ အတင်းအကျပ် ကိုယ်တုံးလုံးချွတ်ခိုင်းခြင်း၊ လိင်အင်္ဂါအစိတ်အပိုင်း ဖြတ်တောက်ခြင်း၊ လိင် ပိုင်းဆိုင်ရာ နှိပ်စက်ညှဥ်းပန်းခြင်း ကဲ့သို့သော ကျား-မ အမြင် နဲ့ဆက်နွယ်တဲ့ ရာဇဝတ်မှု အားလုံးကိုလည်း အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတွေအဖြစ် ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။ ဒီရာဇဝတ်မှုတွေဟာ ညှဥ်းပန်းနှိပ်စက်မှုနှင့် ၎င်းနှင့်ဆက်နွှယ်တဲ့ ရာဇဝတ်မှုအဖြစ်လည်း တစ်ပြိုင်တည်း ပြစ်မှုမြောက်ကောင်း မြောက်နိုင်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု အားလုံးနီးပါးမှာ ကလေးသူငယ်တွေဟာ နစ်နာသူတွေ ဖြစ်ကြပေမဲ့ တချို့ ရာဇဝတ်မှုတွေကို “ကလေးသူငယ်များနဲ့သာ ဆိုင်သည့်အမှု” အဖြစ် သတ်မှတ်ထားကြတယ်။ ၎င်းတို့မှာ စစ်မက်ဖြစ်ပွားရာမှာ ကလေးသူငယ်တွေကို တပ်သားတွေအဖြစ် စုဆောင်းခြင်း၊ အသုံးချခြင်း၊ ကျောင်းများနှင့် ဆေးရုံများကို တိုက်ခိုက်ခြင်း၊ ကလေးသူငယ်တွေကို ဒေသတစ်ခုကနေ အခြားဒေသသို့ အတင်းအကျပ် ပြောင်းရွှေ့ခြင်း၊ နှိပ်စက်ညှဥ်းပန်းခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းတွေဆောင်ရွက်တဲ့ ဝန်ထမ်းတွေနှင့် အရာ၀တ္ထုများကို တိုက်ခိုက်ခြင်း စတဲ့ ကလေးသူငယ်များ အပေါ် အဆမတန် ကြီးမားစွာ ဆိုးကျိုးသက်ရောက်စေတဲ့ ရာဇဝတ်မှုတွေလည်း ဖြစ်ပါတယ်။

SGBC ရာဇဝတ်မှုတွေနှင့် ကလေးသူငယ်တွေနဲ့ ဆိုင်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်တဲ့အခါ က‌လေးတစ်ဦးချင်း၊ အမျိုးသမီးတစ်ဦးချင်း နှင့် အမျိုးသားတစ်ဦးချင်းကိုသာ ပစ်မတ်ထားတာမဟုတ်ပါ။ မိသားစုများ၊ လူမှုအသိုင်းအ၀ိုင်းများနှင့် ပစ်မှတ်ထားခံရသည့် လူမှုအုပ်စုများကို အကြမ်းဖက် ခြိမ်းခြောက်ဖို့၊ ဖိနှိပ်ဖို့၊ ပြစ်ဒဏ်ပေးဖို့နှင့် ဖျက်ဆီးဖို့ ရည်ရွယ်ချက်ရှိရှိ တွက်ချက်ပြီး ချမှတ်တဲ့ မှု၀ါဒရဲ့ အစိတ်အပိုင်းအဖြစ် အဲဒီ ရာဇ၀တ်မှုတွေကို ကျူးလွန်ကြခြင်း ဖြစ်တယ်။ ဒီရာဇဝတ်မှုတွေကို တစ်ခါတစ်ရံ “လူမျိုးရေး မုန်းတီးမှု ဖော်ကျူးချက် တစ်ခု”အဖြစ် အသုံးချကြတယ်။ အကြောင်းမှာ အမျိုးသမီးတွေနှင့် မိန်းကလေးတွေကို မိသားစု ဂုဏ်သိက္ခာ စောင့်ရှောက်ပေးသူတွေအဖြစ် သူတို့ လူမှုအသိုင်းအဝိုင်းတွေက မှတ်ယူလေ့ ရှိကြတယ်။ ကလေးသူငယ်တွေကို လူမှုအသိုင်းအဝိုင်း သို့မဟုတ် အုပ်စုတစ်စုရဲ့ တန်ဖိုးထားမြတ်နိုးခံရတဲ့ အစိတ်အပိုင်းအဖြစ် လည်းကောင်း၊ ပစ်မှတ်ထားခံရတဲ့ အသိုင်းအ၀ိုင်းအုပ်စုရဲ့ အနာဂတ်နှင့် ယဥ်ကျေးမှုမျိုးဆက်ကို ကိုယ်စားပြုသူများအဖြစ် ရှုမြင်ကြတယ်။ အမျိုးသားတွေကိုတော့ လူမှုအသိုင်းအဝိုင်းကို ကာကွယ်ပေးသူများအဖြစ် ရှုမြင်ကြပါတယ်။ ဒီလို ရာဇဝတ်မှုတွေ ကို အများအားဖြင့် ကျား-မဆိုင်ရာ အမြင် အပေါ် အခြေခံပြီး ကျူးလွန်ကြတာ သိပ်ကို သိသာထင်ရှားပါတယ်။ ဒီ ရာဇ၀တ်မှုတွေကြောင့် ကျူးလွန်ခံရတဲ့ သူတွေကို ရုပ်ပိုင်းနှင့် စိတ်ပိုင်းအရ ထိခိုက်မှုဟာ ပြင်းထန်ပြီး ရေရှည်အထိ နှစ်ခါ ခံစားကြရပါတယ်။ ကိုယ့်မိသားစုဝင် တစ်ဦးအပေါ် ရာဇ၀တ်မှု ကျူးလွန်နေတာကို အတင်းအကျပ် ကြည့်ခိုင်းခြင်းဟာလည်း သီးခြား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတစ်မျိုး မြောက်ကောင်း မြောက်နိုင်ပါသည်။

အဆိုပါ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့  လိုအပ်တဲ့ အထူးကျွမ်းကျင်မှုနှင့် အတတ်ပညာတွေက ဘာတွေလဲ။  

ဒီလိုရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ လိုအပ်တဲ့ အတတ်ပညာ တချို့ကတော့ စုံစမ်းစစ်ဆေးမှု အမျိုးအစား အားလုံးမှာလိုအပ်တဲ့ စံနှုန်းအတိုင်းဖြစ်ပြီးတော့၊ SGBC ဆိုင်ရာ ရာဇ၀တ်မှုမျိုးနှင့် ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ သို့မဟုတ် ကလေးသူငယ်တွေကို ထိခိုက်တဲ့ ရာဇဝတ်မှုမျိုးအတွက်တော့ အခြား ကျွန်းကျင်မှု အတတ်ပညာ လိုအပ်ပါတယ်။ စုံစမ်းစစ်ဆေးသူတွေအနေနဲ့ အဆိုပါ ရာဇဝတ်မှုတွေရဲ့ အခြေအမြစ်္ကို နားလည်မှုရှိဖို့အပြင် အဆိုပါ ရာဇဝတ်မှုတွေရဲ့ လက္ခဏာ အင်္ဂါရပ်များကိုလည်း နားလည်ဖို့ သိပ်အရေးကြီး ပါတယ်။ စုံစမ်းစစ်ဆေးသူတွေကို အချုပ်အချယ် ကင်းသူ၊ ဘက်မလိုက်သူနှင့် ယုံကြည်စိတ်ချရတဲ့ အတတ်ပညာရှင်တွေအဖြစ်လည်း ရှုမြင်ရမှာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးသူအဖွဲ့ တစ်ခုလုံးရဲ့ သမာဓိဂုဏ် ကိုလည်း သိမြင်စေဖို့ လိုအပ်ပါတယ်။ သက်သေတွေကလည်း သူတို့ ပေးတဲ့ သတင်းအချက်အလက်တွေကို ဘယ်လို အသုံးပြုနိုင်ဖွယ် ရှိတယ်ဆိုတာကို သဘောပေါက်နားလည်ပြီး သူတို့ရဲ့ သဘောတူညီချက်ကို ပေးရပါမယ်။

ဒီလို အခြေခံကျတဲ့ ကိစ္စတွေဟာ သက်သေတွေ သူတို့ မြင်တွေ့ခဲ့တဲ့ သို့မဟုတ် ကြုံတွေ့ခဲ့တဲ့ အကြောင်းအရာတွေကို ဖွင့်ဟ ပြောဆိုတဲ့အတွက်ကြောင့် တွေ့ကြုံလာဖွယ် ရှိမယ့် အဆိုးဆုံး အခက်အခဲတွေကို စုံစမ်းစစ်ဆေးသူတွေဘက်က နားလည်သဘောပေါက်ကြောင်း စိတ်ချနိုင်ကြောင်း အားပေးရာမှာ အကူအညီဖြစ်စေပါတယ်။ စုံစမ်းစစ်ဆေးသူတွေဟာ သက်သေတွေအပေါ် စိတ်ရှည်မှု၊ လေးစားမှု၊ မျှတတဲ့စိတ်နှင့် ကိုယ်ချင်းစာစိတ်နဲ့ ဆက်ဆံ ရမှာ ဖြစ်ပေမဲ့၊ သနားကြင်နာမှုအရတော့ မဖြစ်စေရပါ။ သူတို့အနေနဲ့ သက်သေတွေအပေါ် စိတ်ဒဏ်သင့်မှု ပြန်လည် ဖြစ်ပေါ်စေမဲ့ အန္တရာယ်ကို လျှော့ပါးစေဖို့ အကောင်းဆုံး လုပ်ကိုင်ပုံအလေ့အထကိုလည်း လိုက်နာရမှာ ဖြစ်ပါတယ်။

ကလေးသူငယ်တွေကို လူတွေ့မေးမြန်းဖို့အတွက် အထူး လေ့ကျင့် သင်ကြားထားမှုနှင့် အတွေ့အကြုံ လိုအပ်ပါတယ်။ ကလေးတစ်ဦးချင်းရဲ့ မတူထူးခြားတဲ့ အခြေအနေပေါ် မှုတည်ပြီး လိုက်လျောညီထွေမှုရှိတဲ့ ပတ်၀န်းကျင်အခင်းအကျင်းမှာ သူတို့ရဲ့ အကြောင်းကို ပြောပြဖို့ အခွင့်အရေးသူတို့မှာ ရှိပါတယ်။ အဲဒီလို ပတ်၀န်းကျင်မှာ ပါ၀င်ဆောင်ရွက်ဖို့ အခွင့်အရေး သူတို့မှာ ရှိပါတယ်။ ကလေးသူငယ်တွေနှင့် သက်ဆိုင်တဲ့ စုံစမ်းစစ်ဆေးမှုအပိုင်းအားလုံးမှာ လိုက်နာရမဲ့ မှုတစ်ရပ်ကတော့ သူတို့ရဲ့ ကောင်းကျိုးကို အဓိက ကြည့်ဖို့ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးသူတွေဟာ စုံစမ်းမှုဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့နဲ့ ကလေးတွေနှင့် သင့်လျော်အပ်စပ်တဲ့ လုပ်ထုံးလုပ်နည်းတွေကို ချမှတ်ရာမှာ ဒီမှုနဲ့ အညီ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အမှုအခင်း စုံစမ်းစစ်ဆေးမှုတိုင်းမှာ သက်သေတွေ ပေးတဲ့ သတင်းအချက်အလက်ရဲ့ တန်ဖိုးထက် သူတို့ရဲ့ ကောင်းကျိုးနှင့် လုံခြုံရေးကို ပိုပြီး ဦးစားပေးရမယ်ဆိုတဲ့အချက်ကို စုံစမ်းစစ်ဆေးသူတွေ နားလည်သဘောပေါက်ပြီး သေချာအောင် လုပ်ဆောင်ဖို့လိုပါတယ်။

SGBC ရာဇဝတ်မှုနှင့် ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဟာ ယန္တရားရဲ့ လုပ်ငန်း ပိုပြီး ကျယ်ပြန့်အောင် ဘယ်လို ပေါင်းစပ်ပေးနိုင် မလဲ။

SGBC ရာဇဝတ်မှုတွေနှင့် ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ သို့မဟုတ် ကလေးသူငယ်တွေကို ထိခိုက်တဲ့ ရာဇဝတ်မှုတွေဟာ ယန္တရားလုပ်ငန်းရဲ့ အလွန်အရေးကြီးပြီး အခရာကျတဲ့ကိစ္စ ဖြစ်လာပါလိမ့်မယ်။ ဒီရာဇဝတ်မှုတွေကို အသေးစိတ် စုံစမ်းစစ်ဆေးရမှာ ဖြစ်ပြီး ကျွန်မတို့အနေနဲ့ သက်သေခံအထောက်အထားနှင့် အမှုတွဲတွေကို ဒီရာဇဝတ်မှုတွေကို ဦးစားပေးစစ်ဆေးမဲ့ နိုင်ငံဆိုင်ရာ တရားရုံးများနှင့်ခုံရုံးများ၊ ဒေသဆိုင်ရာ တရားရုံးများနှင့် ခုံရုံးများ သို့မဟုတ် အပြည်ပြည်ဆိုင်ရာ တရားရုံးများနှင့် ခုံရုံးတွေဆီ မျှဝေပေးဖို့ ကြိုးပမ်းပါမယ်။ ယန္တရားဟာ အဆိုပါ ရာဇဝတ်မှုတွေကို အောက်ခြေအဆင့်မှာ ကျူးလွန်သူတဲ့သူတွေကိုလည်း သင့်လျော်သလို အမှုတွဲ တည်ဆောက်ဖို့ စဥ်းစားပါမယ်။

ကလေးသူငယ်တွေကို သီးသန့် နစ်နာသူများအဖြစ် သတ်မှတ်မယ်။ “အရပ်သား လူထု” ဆိုတဲ့ ကျယ်ပြန့်တဲ့ အမျိုးအစားအောက်မှာ ထည့်သွင်းမှာ မဟုတ်ပါ။ ကျား-မဆိုင်ရာ အမျိုးအစား ခေါင်းစဥ် အောက်မှာလည်း ထည့်သွင်းမှာ မဟုတ်ဘူး။ ကျွန်မတို့ရဲ့ အလုပ်အဆင့်တိုင်းမှာ ကျား-မဆိုင်ရာ အမြင်ရှုထောင့်နှင့် ခွဲခြားဆက်ဆံမှုကို ဖြစ်စေတဲ့ လူမှုရေး ၀ိသေသတွေ အပြန်အလှန် ဆက်နွယ်ချိတ်ဆက်မှု အမြင်ရှုထောင့် (intersectional perspective)ကနေ သုံးသပ်တဲ့ ခိုင်မာတဲ့ စိစစ်သုံးသပ်ချက်တွေကိုလဲ ထည့်သွင်းသွားမယ်။ ယန္တရားဟာ SGBC ရာဇဝတ်မှုနှင့် ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးတဲ့နေရာမှာ အထူး ဗဟုသုတနှင့် အတွေ့အကြုံရှိတဲ့ ဝန်ထမ်းတွေကို စုဆောင်းခန့်ထားပြီးပြီ။ စုံစမ်းစစ်ဆေးခြင်း၊ အလုပ်အစီအစဥ် ရေးဆွဲခြင်း၊ သက်သေနှင့် လူတွေ့မေးမြန်းခြင်း၊ သက်သေခံ အထောက်အထားတွေကို စိစစ်သုံးသပ်ခြင်းနှင့် အနာဂတ်မှာ တရားစွဲဆိုဖို့အတွက် အမှုတည်ဆောက်တဲ့ ကိစ္စရပ်တွေကို သူတို့ လုပ်ကြလိမ့်မယ်။ စုံစမ်းစစ်ဆေးရေး အဖွဲ့ အားလုံးဟာ စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဥ်ရဲ့ အဆင့်တိုင်းမှာ ထို ကျွမ်းကျင်သူတွေနှင့် ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်ပါတယ်။

ယန္တရားဟာ SGBC ရာဇဝတ်မှုများနှင့် ကလေးသူငယ်တွေနှင့် ပတ်သက်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် အလုပ်လမ်းညွှန်တွေကိုလည်း ရေးဆွဲပေးနေလျက်ရှိပါတယ်။ အလုပ်လမ်းညွှန်ချက်ကြောင့် ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးရာမှာ ပိုပြီးထိရောက်အောင် လုပ်ဆောင်နိုင်မည်သာမက ကျူးလွန်ခံရခြင်းကနေ လွတ်မြောက်လာသူနှင့် ကလေးကို အလေးထားတဲ့ စုံစမ်းစစ်ဆေးတဲ့ နည်းလမ်းဖြစ်စေဖို့ သေချာစေလိမ့်မယ်။ သက်သေတွေနှင့် ကျူးလွန်ခံရသူများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်ရေး၊ ဂုဏ်သိက္ခာနှင့် တစ်ဦးချင်းစီရဲ့ အတွင်းရေးကိစ္စတွေဟာ ယန္တရားအတွက် အရေးကြီးဆုံး ဖြစ်ပါတယ်။ သက်သေတွေ၊ ကျူးလွန်ခံရသူတွေနှင့် သူတို့ရဲ့ မိသားစု၀င်တွေ ယန္တရားနှင့် ပူးပေါင်းဆောင်ရွက်ပြီး ဆက်သွယ်တဲ့ အတွက်ကြောင့် သူတို့ ထိခိုက်နစ်နာရမယ့် အန္တရာယ်ကို လျှော့နည်းအောင် အကာအကွယ်ပေးနိုင်ဖို့ လုံလောက်တဲ့ အစီအစဥ်တွေကို ချမှတ်ထားပါမယ်။ ဒီကိစ္စအတွက် ကျူးလွန်ခံရသူတွေနှင့် သက်သေတွေကို သင့်တော်တဲ့ အကူအညီပေးရေး လမ်းကြောင်းတွေကို ချမှတ် လုပ်ဆောင်သွားမယ်။

SGBC ရာဇဝတ်မှုတွေနဲ့ ကလေးသူငယ်တွေကို ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အမှုတည်ဆောက်ဖို့  အဓိက စိန်ခေါ်မှု အခက်အခဲတချို့က  ဘာတွေလဲ။ 

ယဥ်ကျေးမှုဆိုင်ရာ၊ ဘာသာရေးဆိုင်ရာနှင့် လူ့အဖွဲ့အစည်းဆိုင်ရာ အကြောင်းချက်တွေကြောင့် ပဋိပက္ခ ဖြစ်တဲ့ ဒေသပေါင်းစုံက SGBC ကျူးလွန်ခံရတဲ့အခြေအနေက လွတ်မြောက်လာသူတွေဟာ များသောအားဖြင့် ကဲ့ရဲ့ ပြစ်တင်သမုတ်ခံ ကြရတာကို ကျွန်မတို့ မကြာခဏ တွေ့ရပါတယ်။ သူတို့ ရာဇဝတ်မှု ကျူးလွန် ခံထားရပေမဲ့လည်း သူတို့ဟာ အထီးကျန် အဆက်အသွယ်ဖြတ်ခံထားရနိုင်တယ်။ ဘေးဖယ်ခံထားရနိုင်တယ်။ ပစ်ပယ်ခံရနိုင်တယ်။ သူတို့လို သက်သေတွေဟာ ကြောက်ရွံ့တဲ့စိတ်နှင့် မသေချာ မရေရာဖြစ်တဲ့စိတ်ကြောင့် တစ်ခါတစ်လေ သူတို့ အကြောင်းကို စုံစမ်းစစ်ဆေးသူတွေကို ပြောပြဖို့ တွန့်ဆုတ်နေတတ် ပါတယ်။ ကျူးလွန်ခံရတဲ့ဒဏ်က လွတ်မြောက်လာသူတွေ သူတို့အကြောင်းကို ထုတ်ဖော်ပြောဆိုလာတဲ့အခါ လုံခြုံတဲ့ နေရာတစ်ခုကို ဖန်တီးပေးထားပြီး၊ သင့်တော်တဲ့ ပံ့ပိုးကူညီမှုတွေကို တစ်လျှောက်လုံး ပေးသွားဖို့ မရှိမဖြစ် လိုအပ်ပါတယ်။

ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တဲ့အချိန်နဲ့ ရာဇဝတ်မှုကို စတင် စုံစမ်းစစ်ဆေးတဲ့ ကြားကာလ အချိန်ကွာဟချက်ဟာ သိသိသာသာ ကြာညောင်းသွားပြီး အဖြစ်အပျက်ကို မှတ်မိနိုင်စွမ်း လျော့လာပြီး၊ တိတိကျကျ ပြန်လည်အမှတ်ရနိုင်ချေလဲ နည်းပါးလာတတ်ပါတယ်။ ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးသူတွေ မရောက်လာချိန်မှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ သတင်းထောက်တွေ အပါအဝင် မှတ်တမ်းပြုစုသူ အမျိုးမျိုးက များသောအားဖြင့် ကျူးလွန်ခံရတဲ့ဒဏ်က လွတ်မြောက်လာကြသူတွေနှင့် လူတွေ့မေးမြန်းလေ့ရှိကြတယ်။ ဒီလိုအခြေအနေမှာ လူတွေ့မေးမြန်းမှု နောက်တစ်ခု ထပ်လုပ်လိုက်တဲ့အတွက် သူတို့ စိတ်ဒဏ်ရာ ပြန်လည် ရစေသလိုမျိုး ဖြစ်စေမယ့် အခြေအနေနဲ့ သူတို့ကို ယခင် လူတွေ့မေးမြန်းချိန်က မေးမြန်းဆောင်ရွက်ပုံနည်းတွေကြောင့် သူတို့ ပြောပြချက်တွေ ထိခိုက်သွားစေနိုင်မယ့် အန္တရာယ်ကို ကျွန်မတို့ သိထားရပါမယ်။ နောက်ထပ် အခက်အခဲတစ်ခု ရှိနိုင်တာက ကျူးလွန်တဲ့ဒဏ်က လွတ်မြောက်လာကြသူ တွေဟာ အသိုင်းအဝိုင်း တစ်ခုထဲမှာ ဆက်နေထိုင်ကြတဲ့အတွက်ကြောင့် သူတို့အတွေ့အကြုံကို အချင်းချင်းကြား ပြန်ပြောပြဖြစ်တာမျိုး မလွဲမတွေ ရှိလာမယ်။ ထို့အတွက်ကြောင့် သူတို့ အမှုစစ်ဆေးနေချိန် တရားခံရှေ့နေတွေဘက်က ကျူးလွန်ခံရသူတွေရဲ့ ပြန်လည်ထွက်ဆိုချက်တွေဟာ ယုံကြည်လို့မရတဲ့ အကြောင်းခြင်းရာတွေအဖြစ် စောဒကတက် ခံရတာမျိုး ဖြစ်လာနိုင်ပါတယ်။

အကြီးမားဆုံး အခက်အခဲတွေထဲက တစ်ခုကတော့ ဒီရာဇဝတ်မှုတွေကို ကျူးလွန်တဲ့အချိန်မှာ အခင်းဖြစ်တဲ့နေရာကနေ အလွန်ဝေးတဲ့နေရာမှာ ရောက်နေတဲ့ အကြီးတမ်း အရာရှိတွေကို တရားစွဲဖို့ အမှုတည်ဆောက်ဖို့ ဖြစ်ပါတယ်။ အခက်အခဲ ရှိတန်သလောက်ရှိတယ်ဆိုပေမဲ့ အကြီးတမ်း အရာရှိတွေကို တရားစွဲဆိုနိုင်ခဲ့တဲ့ အားတက်ဖွယ် သာဓကတွေလည်းရှိပါတယ်။ မဖြစ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့အချိန်မှာ နိုင်ငံ့အကြီးအကဲ ဖြစ်ခဲ့ကြတဲ့သူတွေအပါအဝင် အကြီးတမ်း အရာရှိတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အပြည်ပြည်ဆိုင်ရာ တရားရုံးတွေနှင့် ပေါင်းစပ် တရားရုံးတွေမှာ စွဲချက်တင်ပြီး တရားစွဲဆိုကာ ပြစ်ဒဏ်ပေး ထောင်ချခဲ့ပြီး ဖြစ်ပါတယ်။

ကျူးလွန်ခံရတဲ့သူတွေက သူတို့ ခံစားခဲ့ရတဲ့ ရာဇ၀တ်မှုတွေနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေ တာ၀န်ခံမှုရှိလာအောင်  ယန္တရားက လုပ်ဆောင်ပေးနိုင်မယ်လို့ မျှော်လင့် ထားကြတယ်။ သူတို့ကို ဘာ သတင်းစကား ပါးချင်ပါသလဲ။

သင်၊ သင့်မိသားစုနှင့် သင့် လူမှုအသိုင်းအဝိုင်းအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို အသေးစိတ် စုံစမ်းစစ်ဆေးပေးဖို့ ယန္တရား တည်ရှိနေပါတယ်။ ဘယ်သောအခါမှ မကျူးလွန်သင့်တဲ့ ရာဇ၀တ်မှုတွေ၊ လူပေါင်းများစွာကို ကြီးမားစွာ နစ်နာစေခဲ့တဲ့ ရာဇဝတ်မှုတွေကို ကျွန်မတို့ စုံစမ်းစစ်ဆေးပေးနေပါတယ်။ တရားမျှတမှုနှင့် ပြစ်မှုကျူးလွန်သူတို့ တာ၀န်ခံစေခြင်းသည် သင်နှင့် သင့် လူမှုအသိုင်းအဝိုင်းမှာ ရှိတဲ့ အခွင့်အရေး တစ်ခုဖြစ်ပါတယ်။ တစ်ချိန်ထဲမှာ ကျွန်မတို့ အထူး ဖော်ပြရမှာကတော့ တရားရုံးမှာ နိုက်နိုက်ချွတ်ချွတ် မေးမြန်ချက်ကို ကြံ့ကြံ့ခံနိုင်ပြီး၊ ကျိုးကြောင်းဆီလျော်သော သံသယကင်းတဲ့ သက်သေခံချက် တင်ပြနိုင်ရန် အမှုတွဲတွေကို တည်ဆောက်ဖို့ ခက်ခဲစွာ ကြိုးပမ်းရမှာဖြစ်တယ်။ ရလဒ်တွေဟာ သင် (နှင့် ကျွန်မတို့) မြင်ချင်သလို မြန်မြန်ဆန်ဆန် မြင်တွေ့ရမှာ မဟုတ်ပါ။ ယန္တရားဟာ တရားရုံး မဟုတ်ပါ။ ကျွန်မတို့မှာ တရားသူကြီးလည်း မရှိပါဘူး။ ကျွန်မတို့ဟာ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖြစ်ပြီး သက်သေ အထောက်အထားတွေကို ကောက်ခံစုဆောင်းပြီး ထိန်းသိမ်းမယ်။ အမှုတွဲတွေကို တည်ဆောက်ဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းပါမယ်။ အဲဒီနောက် အမှုတွဲတွေကို ကျွန်မတို့ ပစ်မှတ်ထား စုံစမ်းစစ်ဆေးမယ်။ ပုဂ္ဂိုလ်တစ်ဦးချင်းကို တရားစွဲ အမှုစစ်ဆေးနိုင်တဲ့ တရားရုံးတွေ၊ ဒေသဆိုင်ရာ တရားရုံးတွေ သို့မဟုတ် အပြည်ပြည်ဆိုင်ရာ တရားရုံးတွေဆီ ပို့ပေးနိုင်ပါတယ်။ သက်သေအထောက်အထားတွေကို စုဆောင်းခြင်း၊ ထိန်းသိမ်းထားခြင်း၊ စိစစ်ခြင်းနှင့် အမှုတွဲတွေ တည်ဆောက်ပြီး၊ အဲဒီအမှုတွေကို တရားမျှတစွာ စစ်ဆေးပေးနိုင်ခြေရှိတဲ့ တရားရုံးတွေဆီ ပေးပို့လိုတယ်ဆိုရင် ကျွန်မတို့အားလုံး အတူတကွ လက်တွဲ အလုပ်လုပ်ကြရမှာ ဖြစ်ပါတယ်။ တာဝန်ရှိသူတွေ တာ၀န်ခံမှုရှိလာဖို့ ယန္တရား တစ်ဖွဲ့ထဲကပဲ အကောင်အထည်ဖော်ဆောင်ပေးနိုင်မှာ မဟုတ်ပါဘူး။ ကျွန်မတို့အနေနဲ့ သင်တို့နှင့် ကမ်းလင့် ဆက်သွယ်ခြင်း၊ သင်တို့ရဲ့ ယုံကြည်မှုကို ရယူခြင်းနှင့် သင်တို့ရဲ့ ပြောကြားချက်တွေကို နားထောင်ပြီးမှသာ အောင်မြင်မှုကို ဆွတ်ခူးနိုင်မယ်လို့ မျှော်လင့်နိုင်ပါတယ်။ ယန္တရားအနေနဲ့ သင်နှင့် သင့် လူမှုအသိုင်းအဝိုင်းတွေကြား ကောင်းမွန်တဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေကို တည်ဆောက်ပြီး ထိန်းသိမ်းသွားမယ်။ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို သင်တို့ကို တတ်နိုင်သလောက် အသိပေးဖို့အတွက် အစီအမံတွေ ချမှတ်သွားပါမယ်။ ကျွန်မတို့ဟာ ရာဇဝတ်မှု စုံစမ်းစစ်ဆေးမှုတွေကို ဆောင်ရွက်နေကြတဲ့အခြေအနေမှာ ဖြစ်နေတဲ့အတွက်၊ အခြားသူတွေက သက်သေအထောက်အထားတွေကို သို၀ှက်လိုက်တာမျိုး သို့မဟုတ် ဖျက်ဆီးသွားတာမျိုး၊ သက်သေများကို ထိခိုက်စေတာမျိုး သို့မဟုတ် သူတို့ အဖမ်းခံရခြင်းကနေ ရှောင်တိမ်းရတာမျိုးအခြေအနေကြောင့် စုံစမ်းစစ်ဆေးမှုကို ပေါ့လျှော့မသွားစေဖို့ အချက်အလက် အများအပြားကို လျှို့ဝှက်ထားရမှာ ဖြစ်ပါတယ်။ သင်တို့ဟာ လူမသိသူမသိ ပျောက်ကွယ်နေတဲ့ သူတွေ မဟုတ်ဘူးဆိုတာကို စိတ်ချ ယုံကြည်ထားပါ။ သင်ဟာ သက်သေတစ်ဦးဖြစ်စေ သို့မဟုတ် ကျူးလွန်ခံရမှုက လွတ်မြောက်လာသူတစ်ဦးဖြစ်ပါစေ သင့်ပြောပြချက်တွေကို ကျွန်မတို့ ကြားလိုပါတယ်။ သင့်အသံ အားလုံးကြားဖို့ ကူညီပေးလိုပါတယ်။ ဒါမှသာ သင်ဟာ တရားမျှတမှုကို အချိန်မီ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။