Select Page

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသည် ၎င်း၏ (၄၅) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားနှင့် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပနေစဥ် အဖွဲ့ဝင်နိုင်ငံများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများသည် ယန္တရားအား ၎င်းတို့၏ ထောက်ခံမှုကို ထုတ်ဖော်ပြသခဲ့ပြီး၊ ယန္တရား၏ လုပ်ပိုင်ခွင့်ကို ထမ်းဆောင်ရာ၌ ၎င်းတို့အနေဖြင့် ကူညီ ပံ့ပိုးပေးနိုင်ရန် မည်သို့ ပိုမိုလုပ်ဆောင်သင့်ကြောင်း မေးမြန်းခဲ့သည်။ ကြီးလေးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ဖောက်ဖျက်ကျူးလွန်မှုများကို ကျူးလွန်သူများအပေါ် တာဝန်ခံယူစေခြင်း၏ အရေးကြီးပုံကိုလည်း သူတို့ အလေးအနက်ပြောဆိုခဲ့ကြပြီး မြန်မာနိုင်ငံအစိုးရအား ယန္တရားနှင့် ပူးပေါင်း ဆောင်ရွက်ရန် တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ ယန္တရား၏ နှစ်ပတ်လည် အစီရင်ခံစာအပေါ် တုံ့ပြန်ပြောဆိုခဲ့ကြသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများမှာ သြစတြေးလျနိုင်ငံ၊ သြစတြီးယားနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကနေဒါ နိုင်ငံ၊ ကိုးရီးယား ပြည်ထောင်စု ဒီမိုကရက်တစ် သမ္မတ နိုင်ငံ၊ အီဂျစ်နိုင်ငံ၊ ဥရောပ သမဂ္ဂ နိုင်ငံများ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဂျော်ဒန်နိုင်ငံ၊ လစ်တန်စတိန်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ နယူးဇီလန်နိုင်ငံ၊ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း ကိုယ်စား ပါကစ္စတန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဆွစ်ဇလန်နိုင်ငံ၊ တူရကီနိုင်ငံ၊ ယူနိုက်တက်ကင်းဒမ်းနှင့် မြောက်ပိုင်း အိုင်ယာလန် နှင့် ဗင်နီဇွဲလား (ဘိုလီဗီးယား သမ္မတ နိုင်ငံ)တို့ ဖြစ်ကြသည်။ တွေ့ဆုံဆွေးနွေးပွဲတွင်ပါဝင် ပြောဆိုခဲ့ကြသည့် အရပ်သား အဖွဲ့အစည်းများမှာ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင် (International Commission of Jurists)၊ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးအတွက် အာရှ ဟစ်တိုင် (Asian Forum for Human Rights and Development)၊ ဂျူဗလီ လှုံ့ဆော်မှု (Jubilee Campaign) နှင့် CIVICUS – နိုင်ငံသား ပါဝင်လုပ်ဆောင်ရေးအတွက် ကမ္ဘာ့ မဟာမိတ် (World Alliance for Citizen Participation) တို့ဖြစ်ကြသည်။

“ဥရောပသမဂ္ဂ (EU)သည် တရားမျှတမှုနှင့် တာဝန်ခံမှုကို သေချာအောင်လုပ်ဆောင်ရေး၌ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (Independent Investigative Mechanism for Myanmar, IIMM)၏ အခန်းကဏ္ဍကို ချီးကြူးဂုဏ်ပြုပြီး နိုင်ငံများထံမှ၊ အထူးသဖြင့် မြန်မာနိုင်ငံအစိုးရနှင့် ပုဂ္ဂလိက ကော်ပိုရေးရှင်းများအပါအဝင် အဖွဲ့အစည်းများအား အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုပါသည်” ဟု ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂဆိုင်ရာ EU ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲက ပြောကြား ခဲ့သည်။

“ယန္တရား၏ လုပ်ပိုင်ခွင့်နှင့် သက်ဆိုင်နိုင်သည့် လုပ်နေဆဲ လှုပ်ရှားဆောင်ရွက်မှုများ၊ စုံစမ်းစစ်ဆေးမှုများ သို့မဟုတ် တရားစွဲဆို အမှုအခင်းများနှင့်အညီ တစ်ပြိုင်နက်တည်း မှတ်တမ်းတင်ထားရန်အတွက် ယန္တရား၏ စွမ်းစွမ်းတမံ အလုပ်၏ အရေးကြီးပုံကို ဥရောပသမဂ္ဂ(EU) အနေဖြင့် အသိအမှတ်ပြုပြီး စုံစမ်းစစ်ဆေးမှုများ အတောအတွင်း အပါအဝင် လုပ်ငန်းလည်ပတ်မှု အားလုံး၌ ကျား-မ အမြင်ရှုထောင့် အရေးကြီးပုံ ဖြည့်စွက် ပြောဆိုခဲ့သည်” ဟု သူက ပြောခဲ့သည်။ “ယန္တရား၏ လုပ်ပိုင်ခွင့်မှာ ဆက်လက် တည်ရှိနေပြီး လက်ရှိကာလနဲ့လည်း အကျုံး၀င်သောကြောင့် မြန်မာနိုင်ငံ၏ လက်ရှိပြောင်းလဲဖြစ်ပေါ်မှုများအား တစ်ပြိုင်ထဲ စောင့်ကြည့်ခြင်း အလုပ်ကို လုပ်ဆောင်ရန်ပါ၀င်ကြောင်း မိမိတို့ အနေဖြင့် သတိပြုမိသလို၊ (၂၀၁၁) ခုနှစ် ကတည်းကစ၍ မြန်မာနိုင်ငံတွင် ကျူးလွန်ခဲ့သော ကြီးလေးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများ သို့မဟုတ် အပြည်ပြည်ဆိုင်ရာ ဥပဒေ ချိုးဖောက်မှုများ ပါ၀င်သည်။”

“အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)သည် မြန်မာနိုင်ငံသို့ သွားရောက်ရန် တောင်းဆိုချက် အပေါ် မြန်မာနိုင်ငံ၏ စိတ်ဝင်စားမှုမရှိခြင်း အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ ယန္တရားနှင့် ဆက်တိုက် ပူးပေါင်း ဆောင်ရွက်မှု မပြုခြင်းအပေါ် အလွန်စိတ်မကောင်းဖြစ်မိသည်”ဟု အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ကိုယ်စား ပါကစ္စတန်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ်က ပြောကြားခဲ့သည်။ “ကျွန်တော်တို့ အနေဖြင့် ရိုဟင်ဂျာအတွက် တရားမျှတမှုကို ရရှိကြောင်း သေချာစေရန် ယန္တရားနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံအား တိုက်တွန်းပါသည်။ မည်သည့် အထောက်အထားကိုမဆို မဖျက်ဆီးပစ်ရန်အတွက်လည်း မြန်မာနိုင်ငံအား ကျွန်တော် တို့ မေတ္တာရပ်ခံပါသည်။ ယန္တရားအနေဖြင့် အခြားသော အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရန်အပြင် ၎င်းတို့မှ သတင်းအချက်အလက် ပေးကမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ ရရှိရန် အချက်အချာကျပါသည်။”

“ပြစ်မှုဆိုင်ရာ တာဝန်ခံမှုအတွက် ကြိုးပမ်းခြင်းမှာ ရှည်ကြာသော လုပ်ငန်းဖြစ်စဥ်တစ်ခု ဖြစ်ပြီး ရေရှည် ခံနိုင်ရည်စွမ်းရှိမှု လိုအပ်ပါသည်” ဟု CIVICUS ကိုယ်စားလှယ်က ပြောကြားခဲ့သည်။ “ယန္တရားအနေဖြင့် လုံလောက်သော အရင်းအမြစ်များကို ၎င်းအား ချမတ်ပေးခြင်းအားဖြင့် အဆိုပါ ခံနိုင်ရည်စွမ်း ရှိနိုင်မည် ဖြစ်သည့်အတွက် ကောင်စီမှ သေချာအောင်လုပ်ပေးရန် ကျွန်တော် တို့ တောင်းဆိုပါသည်။”

အဖွဲ့ဝင်နိုင်ငံ သုံးနိုင်ငံဖြစ်သည့် ဒီမိုကရက်တစ် ပြည်ထောင်စု ကိုးရီးယားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ဗင်နီဇွဲလား နိုင်ငံတို့မှ ကိုယ်စားလှယ်များက အခြား ကြား၀င်ဆောင်ရွက်ခြင်းနှင့် သိသိသာသာကွဲပြားသော အဆိုကို တင်ပြခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားလှယ်က ယန္တရား၏ ရသုံးခန့်မှန်းငွေကို မေးမြန်းခဲ့သည်။ ဒီမိုကရက်တစ် ပြည်ထောင်စု ကိုးရီးယားနိုင်ငံနှင့် ဗင်နီဇွဲလားနိုင်ငံ ကိုယ်စားလှယ်တို့က မြန်မာနိုင်ငံ၏ ပြည်တွင်း တာဝန်ခံမှုဆိုင်ရာ လုပ်ငန်းဖြစ်စဥ်များကိုသာ ထောက်ခံကြောင်း ထုတ်ဖော်ပြာကြားခဲ့သည်။

အဖွဲ့ဝင်နိုင်ငံများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များသည်လည်း Mr. Koumjian ကို မေးခွန်းအချို့ မေးမြန်းရန်အတွက် အပြန်အလှန်တွေ့ဆုံဆွေးနွေးပွဲကို အသုံးပြုခဲ့သည်။

ဥရောပသမဂ္ဂ ကိုယ်စားလှယ်များ၊ ကနေဒါနိုင်ငံ၊ ယူနိုက်တက်ကင်းဒမ်းနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေ ပညာရှင်များ ကော်မရှင်တို့၏ ကိုယ်စားလှယ်များက ယန္တရားအား နောက်ထပ် ပံ့ပိုးပေးရန်အတွက် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းမှ မိမိတို့လုပ်ပေးနိုင်သည့်အရာများကို မေးမြန်းခဲ့သည်။ သြစတြီးယား နိုင်ငံက လာမည့်နှစ်၌ အခက်အခဲများအကြောင်း မေးမြန်းခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံက COVID-19 နှင့်ဆက်စပ်နေသည့် အခက်အခဲများအကြောင်း မေးမြန်းခဲ့သည်။ အလားတူပင် မလေးရှားနိုင်ငံက COVID-19 ရောဂါကပ်ဘေးကြီး အတွင်း ယန္တရား၏ အလုပ်ကို ဆက်လက်လုပ်နိုင်မည်ကို သေချာစေရန် နည်းဗျူဟာများအကြောင်း မေးမြန်း ခဲ့သည်။ လစ်တန်စတိန်းနိုင်ငံက ယန္တရားအနေဖြင့် ဆီးရီးယားနိုင်ငံနှင့် ပတ်သက်သည့် အပြည်ပြည်ဆိုင်ရာ ဘက်လိုက်မှုကင်းပြီး လွတ်လပ်သော ယန္တရားနှင့် မည်သည့်အတိုင်းအတာအထိ ပူးပေါက်လုပ်ကိုင်သည်ကို မေးမြန်းခဲ့သည်၊ အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံနှင့်ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ကော်မရှင် (Independent Commission of Enquiry, ICOE)နှင့် ၎င်း၏ တွေ့ရှိချက်များနှင့် ပတ်သက်၍ မည်ကဲ့သို့ ပူးပေါင်းလုပ်ကိုင်နိုင်ကြောင်း မေးမြန်းခဲ့သည်။ နယ်သာလန်နိုင်ငံက လိင်ဆိုင်ရာ-ထိခိုက်လွယ်မှု တွေးခေါ်မှုများနှင့် လိင်ပိုင်းဆိုင်ရာနှင့် ကျား-မ အခြေပြု ရာဇဝတ်မှုများနှင့် အကြမ်းဖက်မှုတို့ကို ၎င်း၏ စုံစမ်းစစ်ဆေးမှုများနှင့် မှတ်တမ်းတင်ခြင်းတွင် ထည့်သွင်းဆောင်ရွက်ကြောင်း သေချာစေရန် ယန္တရားမှ မည်သို့ လုပ်ဆောင်မည်ဖြစ်ကြောင်း မေးမြန်းခဲ့သည်။ CIVICUS က ယန္တရားအနေဖြင့် အရပ်သား လူမှုအဖွဲ့အစည်းနှင့် စနစ်တကျ ဆက်သွယ်လုပ်ဆောင်ရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းအဆင့်ဆင့်အကြောင်းနှင့် ရသုံးခန့်မှန်းငွေ ကန့်သတ်ချက်များ ရှိသည့်ကိစ္စ၌ ခံနိုင်ရည်စွမ်းရှိစေရန် ဆောင်ရွက်သွားမည့် လုပ်ငန်းအဆင့်ဆင့်အကြောင်းများ မေးမြန်းခဲ့သည်။

နိဂုံးချုပ်ပိုင်းတွင် Mr. Koumjian က မေးခွန်းအချို့ကို ဖြေကြားခဲ့ပြီး အပြန်အလှန် တွေ့ဆုံဆွေးနွေးပွဲ၌ ပါဝင်ပြောဆိုကြသူတိုင်းကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ ၄င်းအနေဖြင့် ရှင်းလင်းခဲ့သည်မှာ ယန္တရားအနေဖြင့် သက်ဆိုင်သည့် မည်သည့် သက်သေခံအထောက်အထားကိုမဆို စုဆောင်းခြင်းကို စိတ်ဝင်စားပြီး၊ ICOE အနေဖြင့် ၎င်း၏ စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်သည့် နည်းလမ်းနှင့် ပတ်သက်၍ ပိုမိုသိရှိစေရန်အတွက် ICOE ၏ အစီအရင်ခံစာ အပြည့်အစုံရရှိရန်အတွက် မြန်မာနိုင်ငံအစိုးရသို့ ကမ်းလှမ်း ဆက်သွယ်ခဲ့သည်။ သူ ထပ်မံ ပြောကြားခဲ့သည်မှာ ယန္တရား၏ အလုပ်တွင် လိင်နှင့် ကျား-မ အခြေပြု အကြမ်းဖက်မှု ဆိုင်ရာကိုကိစ္စကို ထည့်သွင်း အလေးပေးဆောင်ရွက်ကြောင်း၊ အထူး အကြံပေး အရာရှိနှင့် အထူး စုံစမ်းစစ်ဆေးရေးမှူးများကို ခန့်ထားကြောင်းနှင့် လိင်နှင့် ကျား-မ အခြေပြု ရာဇဝတ်မှုများအတွက် ထိခိုက်လွယ်မှုနှင့် ပတ်သက်၍ ဝန်ထမ်းများအား လေ့ကျင့်သင်တန်းပေးခြင်းတို့ လုပ်ဆောင်ကြောင်း ပြောကြားခဲ့သည်။ ယန္တရားသည် အဆိုပါ ရာဇဝတ်မှုများကို ၎င်း၏ အမှုရွေးချယ်ရေး လုပ်ငန်းစဥ်တွင် ဦးစားပေးလုပ်ဆောင်မည်ဖြစ်ပြီး အကန့်အသတ်ရှိသော အရင်းမြစ်များကို မြှပ်နှံလုပ်ဆောင်မည့် နည်းလမ်းများကို ဆုံးဖြတ် လုပ်ဆောင်သွားမည်။

Mr. Koumjian သည် ယန္တရား၏ လုပ်ငန်းအပေါ် ထောက်ခံကြောင်း ဖော်ပြခဲ့ခြင်းအတွက် အလေးအနက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။ “ကျွန်တော် တို့ရဲ့ အလွန် ခက်ခဲလှတဲ့ လုပ်ပိုင်ခွင့်ကို အကောင်အထည်ဖော်ရန်အတွက် ဤကောင်စီနှင့် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း၏ ပူးပေါင်း ဆောင်ရွက်မှု အပေါ် ကျွန်တော် တို့ အားထားပါသည်” ဟု သူက ပြောကြားခဲ့သည်။

“ကျွန်တော် တို့အနေဖြင့် သတင်းအချက်အလက် ပေးကမ်းနိုင်သည့်သူများနှင့် ဆက်သွယ်နိုင်ရန်အလို့ငှါ ကျွန်တော်တို့နှင့် ပူးပေါင်းဆောင်ရွက်ပေးရန် နိုင်ငံများအပေါ် ကျွန်တော်တို့ အားထားပါသည်” ဟု နိုင်ငံတကာအသိုင်းအ၀ိုင်းက ယန္တရားကို ကူညီရန် မည်သို့ ပိုပြီးလုပ်ဆောင်သင့်ကြောင်း မေးခွန်းကို တုံ့ပြန်ပြောကြားခဲ့သည်။ ယန္တရားအား ပံ့ပိုးရန် အပြည်ပြည်ဆိုင်ရာ အနိုင်ငံများအနေဖြင့် ၎င်းတို့ ပိုင်နက် နယ်မြေအတွင်း ယန္တရား၏ လှုပ်ရှားဆောင်ရွက်မှုများကို သတိရှိရှိဖြင့် လျှို့ဝှက်စွာ လုပ်ဆောင်ရန် ယန္တရားနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအတွက် အန္တရာယ်ကျရောက်နိုင်သည့် သတင်းအချက်အလက် ပေးကမ်းသူများအား အကာအကွယ်ပေးခြင်း အပါအဝင် ယန္တရား၏ မေတ္တာရပ်ခံချက်ကို ၄င်းအနေဖြင့် ရည်ညွှန်း ပြောဆိုခဲ့သည်။