Select Page

၂၅ သြဂုတ်လ ၂၀၂၁

အခုဖိတ်ကြားမှုအတွက် ကျွန်တော် ခင်ဗျားကို ကျေးဇူးတင်ပါတယ် ‌ဒေါက်တာဇာနည်။ ပြီးတော့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား ကိုယ်စား စကားပြောပေးဖို့ ကျွန်တော့်ကို ဖိတ်တဲ့အတွက်၊ ပိုပြီး အရေးကြီးတာက ဒီပွဲကို စီစဥ်ဖြစ်အောင် စီစဥ်ခဲ့တဲ့အတွက် ပွဲစီစဉ်သူတွေကို ကျေးဇူးတင်ပါတယ်။ ၂၀၁၇ မှာ ဖြစ်ခဲ့တာတွေ၊ လူတွေအများကြီးပေါ် ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို လေးနှစ်အကြာမှာ ပြန်ပြောင်းသတိရကြဖို့ ဒီလိုပွဲမျိုးကို အခုအချိန်မှာ လုပ်ဖို့ သိပ်ကို အရေးကြီးပါတယ်။ တကယ့်ကို လုပ်သင့်လုပ်ထိုက်တဲ့ အချိန်မှာ လုပ်တဲ့ပွဲပါ။

အဲဒီအကြမ်းဖက်မှုတွေရဲ့ အကျိုးဆက်တွေက ကနေ့ထိ ဆက်ရှိနေပါတယ်။ ဒီအကျိုးဆက်တွေဟာ ကြေကွဲစရာကောင်းပြီး အခုထိ ဆက်ဖြစ်နေပါတယ်။ သိန်းနှင့်ချီတဲ့ ရိုဟင်ဂျာတွေဟာ ဒုက္ခသည်တွေအဖြစ် ဆိုးရွားတဲ့အခြေအနေတွေမှာ အသက်ကို ဖက်နဲ့ထုပ်ပြီး နေနေကြရပါတယ်။ သူတို့အားလုံးရဲ့ ဘ၀ မှာ တူညီတဲ့ မျှော်လင့်ချက်တစ်ခုက ကိုယ့်အိမ်ကိုယ်ပြန်ဖို့နဲ့ သူတို့ မွေးခဲ့တဲ့ တိုင်းပြည်မှာ ပုံမှန်ဘ၀တည်ဆောက်ဖို့ ဖြစ်ပါတယ်။

ကံဆိုးတာက တကမ္ဘာလုံးမှာ ကြေကွဲစရာ အဖြစ်တွေနဲ့ ပြည့်နေပြီး ဒုက္ခပင်လယ်‌‌‌ဝေနေပါတယ်။ ဒါမျိုးတွေကို ကျွန်တော်တို့ ခုမကြာသေးခင်ကပဲ တွေ့ခဲ့ရပြန်ပါတယ်။ ဥပမာ ဒီအပတ်ထဲမှာ အာဖဂန်နစ္စတန်က သတင်းတွေရဲ့ ခေါင်းကြီးပိုင်းနေရာကို ကြီးစိုးထားပါတယ်။ ခဏနေရင် နောက် အကျပ်အတည်းတခု ပေါ်လာပြန်ရော။ အဲဒီအခါ အသစ်ပေါ်လာတဲ့ ပဋိပက္ခကို ကျွန်တော်တို့ အာရုံရောက်သွားကြပြန်ရော။ အဲဒီမှာ ဘာတွေဖြစ်မလဲဆိုတာ ကျွန်တော်တို့ စိုးရိမ်တယ်၊ စိတ်ပူကြတယ်။ ဒါပေမယ့် ခဏနေပြန်ရင် နောက် သတင်းတခု တက်လာပြန်ရော။ အဲဒီအခါကျရင် အရင် ပဋိပက္ခကို လူတွေ မေ့သွားတတ်ကြပါတယ်။ ဒါပေမယ့် ဒီအဖြစ်အပျက်တွေမှာ ခံရတဲ့သူတွေရဲ့ ဒုက္ခတွေက ဆက်ရှိနေတုန်းပါပဲ။ သူတို့ရဲ့ ဆင်းရဲ ဒုက္ခတွေကို တနည်းနည်းနဲ့ သက်သာရာရအောင် လုပ်ပေးချင်တယ်ဆိုရင် သူတို့ ဆုံးရှုံးခဲ့ရတာတွေ တနည်းတဖုံ ပြန်ရအောင် ကျွန်တော်တို့ လုပ်ပေးချင်တယ်ဆိုရင် တကယ့်ကို ရေရှည် ဇွဲကောင်းကောင်းနဲ့ အားထုတ်ဖို့ လိုပါတယ်။ တရားမျှတမှုအတွက်၊ ဖြစ်ခဲ့တာတွေအတွက် အသိအမှတ်ပြုမှုရဖို့ အတွက်၊ ဆုံးရှုံးခဲ့တဲ့ အခွင့်အရေးတွေ ပြန်လည်ရရှိစေဖို့အတွက် ဆက်လက်တိုက်ပွဲဝင်ဖို့ ကျွန်တော်တို့ တဦးချင်းစီက ကတိကဝတ် ပြုဖို့ လိုအပ်ပါတယ်။

အတိတ် ဖြစ်ရပ်တွေကနေ ကျွန်တော်တို့ ရခဲ့တဲ့ သင်ခန်းစာ တခုကတော့ အကြမ်းဖက်မှု ကျူးလွန်သူတွေ ဘာအကျိုးဆက်နဲ့မှ မကြုံတွေ့ရတဲ့အခါ၊ အကြမ်းဖက်မှု ကျူးလွန်သူတွေ အရေးယူမခံရဘဲ အေးအေးဆေးဆေး နေခွင့်ရနေတဲ့အခါ နောက်ဆုံး ခံလိုက်ရသူတွေနဲ့တင် အကြမ်းဖက်မှုက ရပ်မသွားပါဘူး။ အဲဒီလို အပြစ်မပေးနိုင်တဲ့ အခြေအနေမျိုးက အကြမ်းဖက်မှု သံသရာကို အစပျိုးစေပြီး နောက်ပိုင်း တခြားလူတွေပါ ခံရပါတော့တယ်။

ကြေကွဲစရာကောင်းတာက ကနေ့ မြန်မာနိုင်ငံမှာ ဒီလို ပုံစံမျိုးကို တွေ့နေရပါတယ်။ ၂၀၁၇ မှာ စစ်တပ် လုပ်ဆောင်ခဲ့ပုံ၊ အဲဒီတုန်းက ရာဇ၀တ်မှုတွေအတွက် ကနေ့ထိ သူတို့ ဘာအကျိုးဆက်မှ မခံရဘဲ အေးအေးဆေးဆေး နေခွင့်ရနေတဲ့ အခြေအနေကနေ သူတို့ဟာ ဥပဒေအထက်မှာရှိတယ်၊ သူတို့ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအတွက် တရားဥပဒေနဲ့ ရင်ဆိုင်စရာမလိုဘူးဆိုတဲ့ အသိမျိုး၀င်ပြီး ကနေ့လို အခြေအနေမျိုးနဲ့ ကြုံရတယ်ဆိုတာကို အားလုံးလည်း သဘောတူကြမယ် ထင်ပါတယ်။ ဒီလို အပြစ်ကျူးလွန်သူကို အပြစ်မပေးနိုင်တဲ့ သံသရာမျိုးကို ချိုးဖျက်ဖို့ရာ ရာဇ၀တ်မှုကြီးတွေ ကျူးလွန်သူတွေ တနေ့နေ့ တချိန်ချိန်မှာ တရားဥပဒေနဲ့ ရင်ဆိုင်ရဖို့ သိပ်ကို အရေးကြီးပါတယ်။

နိုင်ငံတကာ ဥပဒေတွေမှာ ကြီးလေးတဲ့ ရာဇ၀တ်မှုကြီးတွေကို လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေလို့ ခေါ်ဆိုတတ်ကြပါတယ်။ ဒီရာဇ၀တ်မှုကြီးတွေကို ဘာ့ကြောင့် လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေလို့ ခေါ်ရသလဲ။ ဘာ့ကြောင့်လဲဆိုတော့ ဒီရာဇ၀တ်မှုကြီးတွေ ကျူးလွန်တဲ့အခါ ခံရတဲ့သူတွေဟာ လတ်တလော ပစ်မှတ်ထားခံရတဲ့ အုပ်စုတွေ၊ တသီးပုဂ္ဂလတွေ သက်သက်တင် မဟုတ်ပါဘူး။ အုပ်စုတခု အကြမ်းဖက် လူမဆန်စွာ တိုက်ခိုက်ခံရတဲ့အခါ လူသားမျိုးနွယ်တခုလုံးကို ထိခိုက်စေတဲ့အတွက် ဖြစ်ပါတယ်။

ဒီပွဲကို တက်ရောက်လာတဲ့ မိတ်ဆွေ သင်္ဂဟအပေါင်းကို ကနေ့ထိ အားထုတ်ခဲ့တဲ့ ကြိုးပမ်းမှုတွေ အတွက် ကျေးဇူးတင်သလို ဆက်ပြီးတော့ ကြိုးပမ်းသွားဖို့လည်း ပြောချင်ပါတယ်။ အခုဆို လေးနှစ် ရှိသွားပါပြီ။ ကြည့်ရတာ နောက်ထပ် ကြာအုံးမယ့်ပုံ ရှိပါတယ်။ ဒါပေမယ့်လည်း တရားမျှတမှုအတွက် ဒီခရီးရှည်ကြီးကို ကျွန်တော်တို့ ဇွဲကောင်းကောင်းနဲ့ ချီတက်ဖို့ သံဓိဌာန် ပြုကြရပါမယ်။

ကျေးဇူးတင်ပါတယ်။

အခမ်းအနားရဲ့ ဗီဒီယို ရိုက်ကူးချက်ကို ကြည့်ဖို့ ဒီ လင့် ကို သွားပါ။