Select Page

ဂျီနီဗာ၊ စက်တင်ဘာ ၂၇၊ ၂၀၂၂ ခုနှစ်– မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားသည် မကြာသေးမီက ဖြစ်ပွားခဲ့သော စစ်ကိုင်းတိုင်း၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းတစ်ခု တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ရာဇဝတ်မှုဆိုင်ရာ တာဝန်ရှိမရှိစိစစ်ရန် အထောက်အထားများ စုဆောင်းလျှက်ရှိသည်။ ဤတိုက်ခိုက်မှုတွင် ကလေးငယ် အများအပြား အပါအဝင် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း သတင်းများအရ သိရသည်။

စက်တင်ဘာလ ၁၆ ရက်တွင် ဘုန်းကြီးကျောင်းဝင်းအတွင်း တည်ရှိသော အဆိုပါစာသင်ကျောင်းအား တပ်မတော်မှ နာရီအတော်ကြာ တိုက်ခိုက်ခဲ့သည်ဟု သတင်းများတွင် ဖော်ပြသည်။ ပထမတွင် ရဟတ်ယာဉ်များပေါ်မှ ဒုံးကျည်များ၊ စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့ပြီး၊ နောက်ပိုင်းတွင် ခြေလျင်တပ် ဖြင့် တိုက်ခိုက်ခြင်း ဖြစ်သည်။

အရပ်သားများကို ပစ်မှတ်ထားသည့် လက်နက်ကိုင် တိုက်ခိုက်မှုများကို နိုင်ငံတကာ စစ်ဥပဒေများက တားမြစ်ထားပြီး၊ ဤလုပ်ရပ်များကို စစ်ရာဇ၀တ်မှုများ သို့မဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအဖြစ် အပြစ်ပေးနိုင်သည်။

လက်ယက်ကုန်းရွာ တိုက်ခိုက်မှုသည် အရပ်သားများကို ပစ်မှတ်ထားခြင်းမဟုတ်ဘဲ ကျောင်းတွင်း ရှိနေသည်ဟု ယူဆရသည့် ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မှ တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ သို့သော်လည်း ဤသို့လက်နက်ဖြင့်တိုက်ခိုက်မှုသည် စစ်ရေးရည်ရွယ်ချက်အရဖြစ်သည် ဆိုလျှင်ပင်၊ အရပ်သားများ ထိခိုက်ဒဏ်ရာရမှု သို့မဟုတ် သေဆုံးမှုများ လွန်ကဲစွာ ဖြစ်ပေါ်လာပါက ဤသို့ တိုက်ရိုက် စစ်ရေးအရ အသာစီးရရန် မျှော်လင့်ချက်ဖြင့် တိုက်ခိုက်မှုကို စစ်ပွဲဥပဒေများအရ တားမြစ်ထားသည်။

နိုင်ငံတကာဥပဒေအရ အရပ်သားများ အနီးဝန်းကျင်တွင် စစ်ရေးတိုက်ခိုက်ရန် ဆုံးဖြတ်သော တပ်မှူးများသည် အချက် သုံးချက်ကို လိုက်နာရန် တာဝန်ရှိသည်။ စစ်ဆင်ရေး ရည်မှန်းချက် ရှိသည်ကို အခိုင်အမာ ပြသဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်ရမည်။ စစ်ရေးနည်းလမ်းများကို ရွေးချယ်ရာတွင် အရပ်သားများ ထိခိုက်မှု မဖြစ်စေရန် သို့မဟုတ် ထိခိုက်မှု နည်းနိုင်သမျှနည်းစေရန် လက်တွေ့ကျသော ကြိုတင်ကာကွယ်မှုများ လုပ်ရမည်။ အချိုးအစားမမျှသော အရပ်သားသေဆုံးမှုများ သို့မဟုတ် အရပ်သားပိုင်ဆိုင်မှုများ ပျက်စီးစေနိုင်သည့် တိုက်ခိုက်မှုမျိုးကို လုံးဝမပြုလုပ်ရ။

အမိန့်ပေးခြင်း သို့မဟုတ် တိုက်ခိုက်ခြင်း ပြုရာတွင် အဆိုပါ တာဝန်များကို ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် ပြောင်ပြောင်တင်းတင်း လျစ်လျူရှုသော တပ်မှူးများတွင် ရာဇဝတ်ကြောင်းအရ တာဝန်ရှိနိုင်သည်။ ထို့အတူ၊ အချိုးအစားမမျှတသည့် တိုက်ခိုက်မှုမှန်း သိနိုင်သည့်အခြေအနေရှိပါလျှက် အမိန့်အတိုင်း လုပ်ဆောင်ခဲ့သော စစ်သားများနှင့် လေယာဥ်မှူးများတွင်လည်း တာဝန်ရှိနိုင်သည်။

စာသင်ကျောင်းများသည် ပုံမှန်အားဖြင့် ကလေးများအပါအဝင် အရပ်သား အများအပြား ရှိနေသည့် နေရာများဖြစ်သည်။ ထို့ကြောင့် တပ်မှူးများသည် ဖြစ်နိုင်ချေရှိသော စစ်ရေးပစ်မှတ်များ၏ တည်ရှိမှုနှင့် သဘာ၀ကို အတည်ပြုရန် အထူးဂရုစိုက်ရမည်။ ထိုနေရာရှိ အရပ်သား အရေအတွက်ကို အကဲဖြတ်ပြီး ၎င်းတို့ ထိခိုက်နိုင်ခြေ အနည်းဆုံးဖြစ်အောင် နည်းလမ်းများ ချမှတ်ရမည်။

ဤသို့ မြန်မာနိုင်ငံတွင် ကျူးလွန်သည့် ကြီးလေးသော နိုင်ငံတကာ ရာဇ၀တ်မှုများနှင့် ပတ်သက်၍ ယန္တရားနှင့် မည်သို့လုံခြုံစွာဆက်သွယ်နိုင်သည့် အကြောင်းကို iimm.un.org/contact-us/ တွင် ကြည့်ရှုနိုင်ပါသည်။ ကျေးဇူးပြု၍ ဘေးကင်းရေးကို ထိခိုက်စေနိုင်သည့် မလိုအပ်သော အန္တရာယ်များကို ရှောင်ကြဉ်ပြီး လုံခြုံသော ချန်နယ်များမှသာ ကျွန်ုပ်တို့နှင့် ဆက်သွယ်ပါ။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင် ကျုးလွန်သည့် အလေးနက်ဆုံးသော နိုင်ငံတကာရာဇဝတ်မှု ချိုးဖောက် ခြင်း  အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန်အတွက် ၂၀၁၈ ခုနှစ်တွင်  ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။ နိုင်ငံတွင်း၊ ဒေသတွင်းနှင့်  နိုင်ငံတကာတရားရုံးများတွင် တာဝန်ရှိသူများအပေါ် အနာဂတ်တရားစွဲဆိုမှုများပြုလုပ်ရာတွင် အသုံးပြုနိုင်မည့်အထောက်အထား များကို ထိန်းသိမ်းစုစည်းကာ အမှုတွဲများကို ပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီရန် ရည်ရွယ်ပါသည်။

ပိုမိုသိရှိလိုပါက https://iimm.un.org/ သို့ဝင်ရောက်ကြည့်ရှုပါ။